ရန်ကုန် အောက်တိုဘာ ၁၆
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC) နှင့် အလုပ်အကိုင် ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် NSSA အနေဖြင့် အလုပ်အကိုင် အမျိုးအစား (၇၁) မျိုးအတွက် ကျွမ်းကျင်မှုစံ (၁၀၄) ခုကို အတည်ပြုခြင်း၊ ပြန်လည်သုံးသပ်ပြင်ဆင်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၁ ရက်နေ့ထိ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၃၀၀) ခု၊ စစ်ဆေးအကဲဖြတ်သူ (၉၀၄) ဦး၊ စစ်ဆေးရေးမှူး (၁၂၉) ဦးကို အသိ အမှတ်ပြုခဲ့ပြီး အလုပ်အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၃၃,၁၉၅) ဦးအနက် (၃၀,၆၇၂) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းကဏ္ဍ၊ လျှပ်စစ် အင်ဂျင်နီယာ လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ၊ ကျန်းမာရေးလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ၊ ယွန်း/ ရက်ကန်းလုပ်ငန်း ကဏ္ဍတို့မှ ဖြေဆိုသူ (၃,၅၄၄) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ရာ အရည်အသွေးပြည့်မီသူ (၃,၃၉၄) ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အလုပ်အကိုင် (၆) မျိုး အတွက် ကျွမ်းကျင်လုပ်သား (၃၈၈) ဦးနှင့် အလုပ်အကိုင် (၅) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၅) ခုတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်များပေးအပ်ခဲ့ပြီး အဆိုပါကျောင်းတွင် သင်တန်းသား(၂၄)ဦးဖြင့် ဖွင့်လှစ်လျက်ရှိ သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ်(၂/ ၂၀၂၅)သို့ ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော Grand Forest International(Myanmar) Appeal Co.,Ltd၊ Dagon Talent Garment Co.,Ltd နှင့် Ming Shang Sport Myanmar Co.,Ltd ဖိနပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမားအဖွဲ့ အစည်းအဖွဲ့ဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

