အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                   ဇန်နဝါရီ ၃၀

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်(၁၀:၀၀) နာရီတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက  Online မှ တက်ရောက်ကြသည်။

 ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက် ချမှတ်၍ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေကို ပြဋ္ဌာန်းအကောင် အထည်ဖော်ခဲ့ပြီး ယခုအခါ အာမခံ အလုပ်သမားများ၏ လူမှုစီးပွားဖူလုံစေရန်နှင့်  ပိုမိုထိရောက်သည့် အကျိုးခံစားခွင့်များပေးနိုင်ရန် အတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်း၍ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ သက်တမ်းအားဖြင့် (၆၆)နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ ပြီဖြစ်ကြောင်း၊ ဥပဒေပါလူမှုဖူလုံရေးအာမခံ စနစ်များအရ နိုင်ငံတော်၊ အလုပ်ရှင်နှင့် အလုပ်သမား တို့က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ထောင့်တစ်နေရာမှ ထောက်ကူ ပေးနိုင်မှာဖြစ်ပါကြောင်း၊

လက်ရှိအချိန်တွင် မြို့နယ်ပေါင်း (၁၁၉) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁.၂၃)သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ရရှိ ခံစားနိုင်စေရန် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ ရုံးခွဲပေါင်း (၉၉) ရုံး ၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း ၊ တိုင်းရင်းဆေးခန်း(၁)ခန်းနှင့် ဌာနကြီး ဆေးခန်း (၅၈)ခန်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့်အပြင်  ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့် ပူးပေါင်း၍  PPS စနစ်အရ (Fee for Service Payment) ဆေးခန်း (၁၂)ခန်းနှင့် (Capitation Payment) ဆေးခန်း (၂၄)ခန်းတို့တွင် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့အပြင်  အာမခံအမျိုးသမီးအလုပ်သမားများ၏ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင် မှုများအတွက် (PPS) စနစ်ဖြင့် စာချုပ်ဆေးရုံ/သားဖွားခန်း (၉)ခန်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေး ထားပြီး၊ ရွေ့လျားဆေးကုသယာဉ် (MMU) (၂)စီးဖြင့်  အလုပ်ဌာနများသို့အရောက် အခြေခံ   ဓါတ်ခွဲစမ်းသပ်မှုအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

          ယနေ့အချိန်ထိ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်ခဲ့မှုများကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ စီးပွားရေးထိခိုက်ကျဆင်းခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ မတည်ငြိမ်မှု၊ အလုပ်သမားဦးရေ လျှော့ချမှုတို့ကို ပြန်လည်ဦးမော့လာစေရေး မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲပြဿနာ များကို အလေးထားဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ဖြေလျှော့ပေးမှုနှင့် ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမားများအတွက် မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% ကို  အလုပ်သမား ၆၂၅၂ ဦးအတွက် ငွေကျပ် ၃၇၁.၄၀၉ သန်း ကိုလည်းကောင်း၊ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%)ကို  အလုပ်သမား ၁၆၃၆၆၆၄ ဦးအတွက် ငွေကျပ် ၇၁၀၂၀.၆၁ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပူးပေါင်း၍ ထိုးနှံပေးနိုင်ခဲ့ကြောင်း၊

          လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ငွေကုန်ကြေးကျနည်းပြီး ရေရှည်အကျိုးရှိထိရောက်စေမည့် နည်းလမ်းများကို စဉ်းစားဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသခဲ့ခြင်းကြောင့် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျ စရိတ်များကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအမ်းလျက်ရှိပြီး အာမခံ အမျိုးသမီးအလုပ်သမားများ၏ မီးဖွားခြင်းအတွက် ကုန်ကျစရိတ်များကို တပြေးညီ ခံစားခွင့် ရရှိနိုင်စေရန် ရိုးရိုးမီးဖွားခြင်းအတွက် ကျပ် ၃၀၀,၀၀၀/-၊ ခွဲစိတ်မီးဖွားခြင်းအတွက် ကျပ်- ၅၅၀,၀၀၀/-၊  လေစုပ်/ညှပ်ဆွဲမီးဖွားခြင်းအတွက် ကျပ်- ၃၂၀,၀၀၀ /-၊ ကိုယ်ဝန်ပျက်ကျခြင်း အတွက် ကျပ်- ၂၈၀,၀၀၀/-နှင့် နေရာလွဲမှား သန္ဓေတည်ခြင်းအတွက် ကျပ်- ၅၀၀,၀၀၀/-  အဖြစ် သတ်မှတ်၍ ဆေးဖိုးများ ပြန်လည်ပေးအမ်းလျက်ရှိပါကြောင်း၊

လက်ရှိကာလအတွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့်အညီ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများပေါ်မူတည်၍ လူမှုဖူလုံရေးအာမခံစနစ်များကိုလည်း တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း အလွယ်တကူ ပြီးမြောက်နိုင်ရေး IT စနစ်ကို ကူးပြောင်းကျင့်သုံးဆောင်ရွက်သွားကြရန်နှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မှ ယခင် (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန်အမှာစာများကို ရှင်းလင်းတင်ပြပြီး၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အမြဲတမ်းအတွင်းဝန်တို့က တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးပြီးနောက် အစည်းအဝေး တက်ရောက်လာသည့်အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခြင်းနှင့် အမှာစာများနှင့် ဆုံးဖြတ်ချက် များအား ထောက်ခံတည်ပြုဆွေးနွေးကြပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၂/၂၀၂၂) တွင် ဆုံးဖြတ်ရန်အချက် (၆)ချက် နှင့် မှတ်တမ်းတင်ရန် အမှာစာစောင်ရေ (၃၄)စောင် တို့အား သဘောတူအတည်ပြု၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြပါသည်။ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် အဖွဲ့ဝင်ကိုယ်စားလှယ်များမှ အကြံပြုချက်များနှင့် သုံးသပ်ဆုံးဖြတ်ချက်များသည် လူမှုဖူလုံရေးအဖွဲ့၏ ရှေ့ဆက်သွားမည့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် ကောင်းမွန်သည့် မူဝါဒ၊ လမ်းစဉ်များ ချမှတ်နိုင်ရေးအတွက် များစွာအထောက်အပံ့ဖြစ်ပါကြောင်း၊ သုံးပွင့်ဆိုင်ဖွဲ့အနေဖြင့် နိုင်ငံတော်၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးကိုရှေ့ရှုပြီး အတူတကွဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။