အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                       အောက်တိုဘာလ ၂၉

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လာအိုနိုင်ငံသို့ ရောက်ရှိနေထိုင်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးနိုင်ရေး နှင့် အဆိုပါလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ (Working Group) ဖွဲ့စည်းပြီးမှုအခြေအနေများ၊ လာအိုနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို လုပ်ထုံး လုပ်နည်းများ၊ စည်းမျည်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ် (SOP) များနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ က အသင်းဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်း ဆောင်ရွက်နေမှုအခြေအနေများ၊ လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် မိမိနိုင်ငံသားများ အတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြေင်း သိရသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။