အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                         ဩဂုတ် ၁၅

          ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ ကနောင် ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ် စားလှယ်များနှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရမှဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အလုပ်ရှင် များမှ လိုက်နာဆောင်ရွက်မှုအခြေအနေများ၊ အလုပ်သမားများမှ လိုက်နာဆောင်ရွက်မှုအခြေအနေ များနှင့် ခေတ်စနစ်နှင့်အညီပြုပြင်ဆောင်ရွက်သင့်သောအကြောင်းအရာများ၊ လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသောအခက်အခဲများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေး၍ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ တွင် လုပ်သားအင်အားလျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ် သမားများ လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြု သဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်းငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင် ဆက်ဆံရေးတိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အေးချမ်းသာယာမှ လူမှုဘဝ များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးသဟဇာတဖြစ်မှု၊ လုပ်ငန်းခွင်အေးချမ်းသာယာမှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်မှုသည် ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးတည်ငြိမ်ရေး၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သော့ချက်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်ငန်းများ အရှိန်မပျက် ထုတ်လုပ်နိုင်ပါက စီးပွားရေးအကျိုးအမြတ်များရရှိလာပြီး အလုပ်ရှင်နှင့် အလုပ်သမားတို့ အကျိုးတူ ခံစားရမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမား၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား လိုက်နာဆောင်ရွက်မှုအခြေအနေနှင့် စာချုပ်ချုပ်ဆိုရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စာချုပ် ပါလုပ်ငန်းခွင်စည်းကမ်းချက်များ၊ အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင် ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သာဓုကန်စက်မှုဇုန်ရှိ K Seng Apparel (Myanmar) Co.,Ltd (အထည်ချုပ်) စက်ရုံသို့ သွားရောက်ခဲ့၍ စက်ရုံရှိ အာမခံအလုပ် သမား (၁၀၀၈)ဦးတို့အား လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သည့် စစ်ဆေး ကုသပေးမှုများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ၊ ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်းနှင့် မျက်စိစစ်ဆေး မှုများကို ကြည့်ရှုအားပေးပြီး စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ (OSH)ကော်မတီဝင်များ၊ အလုပ်သမားများအားတွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ၊ ဥပဒေပါ ရပိုင်ခွင့်များ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများတွင် အာမခံအလုပ်သမားများကို ဆေးကုသစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်များဖြင့် ရုံးဌာနများ၊ စက်ရုံများသို့ သွားရောက်၍ အာမခံအလုပ်သမားများကို ဆေးကုသစောင့်ရှောက်လျက်ရှိကြောင်း သတင်းရရှိသည်။