၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရန် စည်းကြပ်ဉပဒေများပါ OSH ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ OSH ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်စေရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် OSH ကော်မတီများဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခြင်း၊ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြင့်တက်လာစေရေးအတွက် OSH သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး အတွက် တိုင်းတာအကဲဖြတ်ခြင်း၊ OSH ဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ပိုမိုရရှိစေရေး အတွက် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေးခြင်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) နှင့် OSH ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဦးစီးဌာနအနေဖြင့် OSH ကော်မတီဝင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၃/၂၀၂၆) အား ၂-၂-၂၀၂၆ ရက်နေ့မှ ၆-၂-၂၀၂၆ ရက်နေ့အထိ ပို့ချခဲ့ခြင်း၊ ၃၀-၁-၂၀၂၆ ရက်နေ့မှ ၁၉-၂-၂၀၂၆ ရက်နေ့အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၁၂) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံ (၂၂၆၄) ရုံရှိသည့်အနက် စက်ရုံ၊ အလုပ်ရုံ (၂၁၇၆) ရုံ၌ ကော်မတီများ ဖွဲ့စည်းပြီးဖြစ် သဖြင့် (၉၆) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ (၄၂) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာခဲ့ခြင်း၊ စက်ရုံ၊ အလုပ်ရုံ (၁) ရုံတွင် သင်ထောက်ကူပြု မော်တော် ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေးခဲ့ခြင်း၊ လုပ်ငန်းခွင် ထိခိုက်မှု (၅) မှုတို့အား စုံစမ်းစစ်ဆေးပြီး ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်း၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ၁၂-၂-၂၀၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံမှ Virtual နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့ သည့် “လုပ်ငန်းခွင် ကျန်းမာရေး : ထိုင်ခြင်းနှင့် မတ်တပ်ရပ်ခြင်းကြားရှိ မှန်ကန်သည့် ဟန်ချက်ညီ မှုကို ရှာဖွေခြင်း” ဆွေးနွေးဟောပြောပွဲ (Workplace Wellness: Finding the Right Balance Between Sitting and Standing Webinar) သို့ ဦးစီးဌာနမှ အရာထမ်း (၂၅) ဦး တက်ရောက်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

