စက်တင်ဘာလ ၁၈
အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည် ၁၈-၉-၂၀၁၂ ရက်နေ့ နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့၊ ရန်ကုန်အလုပ်သမားဆေးရုံကြီးသို့ ရောက်ရှိရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်၊လူမှုဖူလုံရေးအဖွဲ့အထွေထွေမန်နေဂျာဦးစောနိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်ဖြူဝင်းနှင့်အထူးကုဆရာဝန်ကြီးများမှ ကြိုဆိုနှုတ်ဆက်ကြပါသည်။
ထို့နောက် ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးမှ ဆေးရုံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက် မှုများကို ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးကလမ်းညွှန်အမှာစကား ပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့သည် ယခုအခါအရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်လာပြီးအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောအဖွဲ့ဖြစ်ကြောင်း၊ လူနာများကို မိမိတို့၏အလုပ်ရှင်ဟု သဘောထားရန်လိုအပ်ကြောင်း၊အလွှာမျိုးစုံမှလာ ရောက် ကုသကြခြင်းဖြစ်၍ လိုအင်ဆန္ဒအမျိုးမျိုးရှိနိုင်ကြောင်းနှင့် ဆေးရုံရှိဝန်ထမ်းများအနေဖြင့် စေတနာသုံးတန်ထက် ပိုမိုအလေးထားပြုစုကုသပေးရန်လိုကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် လာမည့်နှစ်တွင် သီးခြား ရပ်တည်မည့် အဖွဲ့အစည်းဖြစ်လာနိုင်သောကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်သည် အသွင်ကူးပြောင်းရေးကာလဖြစ်ပါကြောင်း နှင့် ဆေးရုံ၏လိုအပ်ချက်များကို ဦးစားပေး အဆင့်သတ်မှတ်ကာတင်ပြသွားရန်လိုကြောင်း၊ အဓိက အရေးကြီးသည်မှာ ဝန်ထမ်းများအနေဖြင့် ဆေးရုံသို့လာရောက်သည့်လူနာများကို စိတ်ရင်းစေတနာကောင်းဖြင့် အဘက်ဘက်မှပြည့်စုံအောင် ကြည့်ရှုစောင့်ရှောက်ကူညီပေးရန်မှာကြားခဲ့ပါသည်။
ထို့နောက် ဆေးရုံရှိ လူနာဆောင်အသီးသီးအား လိုက်လံလှည့်လည်စစ်ဆေးကာလူနာများကိုအားပေးစကား
ပြောကြားပြီး ဆေးရုံကြီးမှမွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာ သွားကြောင်း သတင်းရရှိပါသည်။


