ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်ဌာနမပြောင်းဘဲ တစ်ဆက်တည်း အနည်းဆုံး(၄)နှစ် (၁၀)လ လုပ်ကိုင်ခဲ့သူများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး (၃)လအကြာတွင် မူလအလုပ်လုပ် ကိုင်ကြရန် ကိုရီးယားသမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာ
ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ နိုင်ငံခြားသားအလုပ်သမားများ လက်ခံ ဆောင်ရွက်လျက်ရှိရာ တရားမဝင် အလုပ်လုပ်ကိုင်နေထိုင်ခြင်းများ လျော့နည်းပပျောက်စေရန်၊ ကိုရီးယားလုပ်ငန်းရှင်များအတွက် အလုပ်လုပ်ကိုင်ခွင့် သတ်မှတ်ခွင့်ပြုကာလအများဆုံး (၄)နှစ် (၁၀)လတိုင်တိုင် လုပ်ငန်းဌာနပြောင်းရွှေ့ခြင်းမပြုဘဲ လုပ်ကိုင်ခဲ့ကြသည့် လုပ်သားများဆုံးရှုံးမှုမရှိ စေဘဲ နှစ်ဦးနှစ်ဖက် သဘောတူပါက ပြန်လည်လုပ်ကိုင်ခွင့်ရရှိစေရန် Re-entry process of committed workers စနစ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့မှစ၍ သတ်မှတ်ဆောင်ရွက် လျက်ရှိပါသည်။
ထိုစနစ်အရ သတ်မှတ်ချက်နှင့်အကျုံးဝင်သည့် လုပ်သား(၈၂)ဦးသည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင်၎င်းတို့၏ဆန္ဒအရ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ထိုလုပ်သားများသည် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ(POEA)သို့ နိုင်ငံကူးလက်မှတ်၊ မူလအလုပ်ရှင်နှင့်ချုပ်ဆိုခဲ့သော အလုပ် အကိုင်ဆိုင်ရာ သဘောတူစာချုပ် (Standard Labour Contract) စာရွက်စာတမ်းများနှင့်တကွ သတင်းပို့ခဲ့ပါသည်။ HRD-Korea မှလည်း အဆိုပါစနစ်တွင် အကျုံးဝင်သည့် လုပ်သားများအား ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာလာမှုအခြေအနေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီသို့ Online ဖြင့်အကြောင်းကြားပေးပို့ပါသည်။ POEA မှလည်း အဆိုပါလုပ်သားများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ရက်သတ္တတစ်ပါတ်အတွင်း လာရောက်သတင်းပေးပို့မှုကို အချိန်နှင့်တပြေးညီ Online ဖြင့် ပြန်လည်အကြောင်းကြား ပေးပို့ခဲ့ပါသည်။ အဆိုပါလုပ်သားများသည် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည့်အချိန်မှ (၃)လပြည့်သည်နှင့် မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်သည့် အခွင့်အလမ်းရရှိကြပြီး၊ ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန်လည်း ကင်းလွတ်ခွင့်ရရှိကြပါသည်။ ယခုထိ ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာ လာသူ(၈၂)ဦးရှိပြီး၊ POEA သို့ သတင်းပေးပို့ခဲ့ သူ(၇၁)ဦးရှိပါသည်။
၎င်းတို့အနက်(၃)လကြာ မြန်မာနိုင်ငံတွင် နေထိုင်ပြီးနောက် ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာရန် လုပ်ငန်းစဉ်များဆောင်ရွက်ပြီး HRD-Korea မှ သတ်မှတ်ပေးသည့်နေ့ရက်များအရ ပထမအသုတ်အဖြစ် ၂၄-၁၀-၂၀၁၂ ရက်နေ့တွင် Re-entry System ဖြင့် ကိုရီးယားသမ္မတနိုင်ငံ သို့ ပြန်လည်ဝင်ရောက်မည့်လုပ်သား(၇)ဦးသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။
ကျန်ရှိသော လုပ်သားများအတွက် HRD-Korea မှ အကြောင်းကြားလာသည့်နေ့ရက်များ တွင် မြန်မာနိုင်ငံမှထွက်ခွာနိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ဆောင်ရွက်လျက်ရှိပါသည်။


