နေပြည်တော် ဇန်နဝါရီ ၁၈
အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Gerg Vines ဦးဆောင်သည့် ILO High Level Mission ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုရေးအကာအကွယ်ပေးမှု၊ အလုပ်သမားရေးရာ ဥပဒေများရေးဆွဲရေးတွင် ကူညီပံ့ပိုးရေး၊ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး ကိစ္စရပ်များ၊ နည်းပညာအကူအညီပေးရေး နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဦးမောင်မြင့်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ILO ရန်ကုန်ရုံးမှ ILO ဆက်သွယ်ရေးအရာရှိ Mr. Steve Marshall တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



