၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီအချိန်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှု လုံးဝ ပပျောက်ရေး ပူးတွဲမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်၍ ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို လုပ်ငန်းကော် မတီအဖွဲ့ဝင်များဖြစ်သော အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့်တကွ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စစ်ရေးချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) ရန်ကုန်မှ ဆက်သွယ်ရေးအရာရှိ မစ္စတာစတိဗ်မာရှယ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
– အစည်းအဝေးတွင် (၃၂၂) ကြိမ်မြောက် အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးသို့ အိုင်အယ်လ်အို ဆက်သွယ်ရေးအရာရှိမှ တင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ နှင့်ပတ်သက်၍ လည်းကောင်း၊ ၁၆-၃-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ လက်မှတ် ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ (Joint Strategy for the Elimination of Forced Labour by 2015) ဆိုင်ရာနားလည်မှုစာလွှာ (MOU) အရ ရေးဆွဲခဲ့သည့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။