နေပြည်တော် မတ် ၄ ရက်
ILO မှ ပေးပို့လာသော လုပ်ငန်းစီမံချက် (မူကြမ်း) သုံးသပ်အတည်ပြုရေး၊ National Complaints Mechanism ထူထောင်ရေးနှင့် National Complaints Mechanism ထူထောင် နေဆဲကြားကာလအတွင်း အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက် အသစ်တစ်ရပ်အမြန်ရေးဆွဲ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ:၀၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင်ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ ၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့်ဝန်ကြီးဌာနများဖြစ်ကြသည့် သမ္မတရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ဥပဒေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဝန်ကြီးဌာနလက်အောက်ရှိညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသည် မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးကို မိမိနိုင်ငံအစီ အစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ ပေးပို့ လာသောလုပ်ငန်းစီမံချက်(မူကြမ်း)ကို သုံးသပ်အတည်ပြုရေး၊ National Complaints Mechanism ထူထောင်ရေးနှင့် National Complaints Mechanism ထူထောင်နေဆဲ ကြားကာလတွင် အဓမ္မခိုင်း စေမှုများတိုင်ကြားဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက် အသစ်တစ်ရပ်အမြန်ရေးဆွဲ အကောင် အထည်ဖော်နိုင်ရန်ပူးပေါင်းဆောင်ရွက်ရမည့် ဝန်ကြီးဌာနများ၊အဖွဲ့အစည်းများနှင့်ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးခဲ့သည့်အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက်အမှတ် ၂၉ ကို အဖွဲ့ဝင်နိုင်ငံ၏ တာဝန်ရှိမှုအရ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော် လည်း အားနည်းချက်များရှိကြောင်း ဆုံးဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ILO မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်ချက်များ ချမှတ်ကာ ဖိအားပေးမှုများရှိခဲ့ရာ အဆိုပါကန့်သတ်ချက်များ ရုပ်သိမ်း ရေးအတွက် အဓမ္မခိုင်းစေမှုပပျောက်ရေးဆောင်ရွက်သည့်နေရာတွင် ILO ၏နည်းပညာအကူအညီ ဖြင့်တိုင်ကြားမှုယန္တရား ထူထောင်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲကာဆောင်ရွက်ခဲ့ပြီး ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် ကန့်သတ်ချက် အားလုံးကို ပယ်ဖျက် ခဲ့ပြီး ILO ၏ နည်းပညာအကူအညီများ ပြန်လည်ရရှိခဲ့ပါကြောင်း။
အဓမ္မခိုင်းစေမှုပပျောက်ရေး ရေရှည်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် အစိုးရသစ်လက်ထက် တွင် ဝန်ကြီးဌာန (၁၁)ခုမှ ကိုယ်စားလှယ် (၂၂) ဦးဖြင့် အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group – HLWG) ကို ဖွဲ့စည်းခဲ့ပြီး အဓမ္မခိုင်းစေမှု ပပျောက်ရေး အပါအဝင် အလုပ်သမားရေးရာကိစ္စရပ်တွေကို HLWG မှာ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ကြပါကြောင်း။
မြန်မာနိုင်ငံနှင့် ILO တို့MoU လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက်ကိုလည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ILO နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် လုပ်ငန်းစီမံချက် ပြီးဆုံးခဲ့သော်လည်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပါဝင်ထားသည့် ပြဌာန်းချက်အမှတ်၂၉ ကို အဖွဲ့ဝင်နိုင်ငံ၏တာဝန်ရှိမှု အရ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ILO နှင့် ပူးပေါင်းရေးဆွဲခဲ့သည့် Decent Work Country Programme (2018-2021) ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် MoU လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုပပျောက်ရေးကိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော် အနေဖြင့် Ownership ယူပြီး ဆောင်ရွက်မည့် National Complaint Mechanism ထူထောင်ရန် အချက်တစ်ချက်ပါရှိသည့်အတွက် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရားထူထောင်ရေး လုပ်ငန်း စီမံချက်(မူကြမ်း) ရေးဆွဲထားပြီးဖြစ်ပါကြောင်း။
National Complaints Mechanism ထူထောင်နေဆဲကြား ကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး တိုးတက်မှုကို ၂၀၁၉ ခုနှစ်၊ မတ်လမှာ ကျင်းပမည့် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် ပြသနိုင်မှသာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးကို political will နှင့် ဆောင်ရွက်နေတယ်ဆိုသည့် အချက်ကို ILO မျက်နှာစာမှတဆင့် နိုင်ငံတကာသို့ ပြသနိုင်မှာဖြစ်ပြီး ILO နှင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရှောင်ရှား နိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ယနေ့အစည်းအဝေးမှာ ILO မှ အဆိုပြုတင်ပြထားသည့် New Action Plan ကိုသုံးသပ်အတည်ပြုရေး၊ National Complaints Mechanism ထူထောင်ရေးနှင့် National Complaints Mechanism ထူထောင်နေဆဲ ကြားကာလမှာ အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်း နိုင်ရေးအတွက် လုပ်ငန်းစီမံချက်အသစ်တစ်ရပ် အမြန်ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ILO မှ အဆိုပြုတင်ပြထားသည့် New Action Plan(လုပ်ငန်းစီမံချက်)နှင့် National Complaints Mechanism ထူထောင်နေဆဲကြားကာလတွင် အဓမ္မခိုင်းစေမှုများတိုင်ကြား ဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲ အကောင်အထည်ဖော်မှုများ နှင့် ပတ်သက်၍ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် မှ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် National Complaint Mechanism အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားထူထောင်ရေးလုပ်ငန်းစီမံချက်(မူကြမ်း)ရေး ဆွဲထားရှိမှု အခြေအနေနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် မှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှလိုအပ်သည်များကိုဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးကို မွန်းတည့် ၁၂:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

