အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                             ဖေဖေါ်ဝါရီ  ၁၀

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ စက်မှုဇုန်ရှိ MaC Do ဆံပင်တုစက်ရုံနှင့် အထည်ချုပ်စက်ရုံများဖြစ်သည့် SMK Mingaladon Co.,Ltd ၊ New Green Land Garnment Co.,Ltd နှင့်   Glowing & Win Investment Co.,Ltd စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ အရည်အသွေး မြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြည့်ရှုအားပေးခဲ့သည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးမှုများ စနစ်တကျ ဆောင်ရွက်ထားမှု၊ ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာ ဆောင်ရွက်မှု၊ စက်ရုံအတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ အလုပ်သမားအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို  ရှင်းလင်း တင်ပြသည်။

  တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာ စက်မှုဇုန်သို့ ရောက်ရှိချိန် ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အရည်အသွေးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊  လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရန် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် အဓိကကျပြီး အရည် အသွေးမီ ထုတ်ကုန်များ အချိန်မီ ထုတ်လုပ်နိုင်ရေး ကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင် ပေးရန်လိုကြောင်း၊  စက်ရုံအတွင်းရှိ သတ်မှတ် အဆင့်မီသူများကို  ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ရယူနိုင်ရေး အားပေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာနများ၏ ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာ သိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်အား အလေးထားအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၃ခုနှစ်‌၊ ဇန်နဝါရီလအထိ ဖွဲ့စည်းထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကော်မတီ ၇၇၁ ခုရှိပြီး လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး ဦးစီးဌာနမှ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်းကို ၇၉၄ ကြိမ်ထိ တိုင်းတာ ပေးနိုင်ခဲ့ပါသည်။