အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများသို့အလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ် များ စေလွှတ်မည့်လုပ်ငန်းအမျိုးအစားများ၊ ကောက်ခံရမည့်ငွေကြေးနှုန်းထားများနှင့် ပြည်ပတွင်ရောက်ရှိ လုပ်ကိုင်လျှက်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏အခွင့်အရေးများအား အကာအကွယ်ပေးရေး တို့အတွက် ရွှေ့ပြောင်းအလုပ်သမား များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ တက္ကသိုလ် စိန်ရတုခန်းမတွင် ၂၂-၁၀-၂၀၁၂ ရက်နေ့နံနက်(ဝ၉းဝဝ)နာရီတွင် စတင်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာ စကားပြောကြားပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများမှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အလုပ်သမားရေးရာနှင့် သက်ဆိုင်သည့်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံးများမှ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ၊ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် ဖွံ့ဖြိုးရေးအကျိုးဆောင်လိုင်စင်ရအေဂျင်စီများ အသင်းထူထောင်ခြင်း၊ ပွဲစားများပပျောက်ရေးဆောင်ရွက်ခြင်း၊ စေလွှတ်သင့်သည့်နိုင်ငံများနှင့် အလုပ်အမျိုးအစားများ ၊စေလွှတ်မည့်လုပ်ငန်းစဉ်များ ပိုမိုလျင်မြန် စနစ်တကျဆောင်ရွက်ခြင်း၊ သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများ မြန်မာ့အာမခံလုပ်ငန်းတွင် အသက်အာမခံထားရှိခြင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ်တွင် အချက်အလက်များ ထပ်မံဖြည့်စွက်ခြင်း၊ အလုပ်သမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ ဘဏ်စနစ်ဖြင့် မိသားစုလွှဲပို့ငွေတရားဝင်လွှဲပို့ခြင်း၊ အလုပ်သမားများထံမှဝန်ဆောင်ခကောက်ခံခြင်း၊ သတ်မှတ်ဆေးခန်းများတွင် အလုပ်သမားများ အားစစ်ဆေးခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။