အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် Nay Won Kabar Co.,Ltd နှင့်     Su Latt Myint Mo Services Co.,Ltd တို့ထံ ဝန်ဆောင်ခများ ပေးသွင်းခဲ့သော်လည်း သွားရောက်လုပ်ကိုင်ရခြင်းမရှိ၍ ဝန်ဆောင်ခများ ပြန်လည်ရရှိလိုကြောင်း မသဇင်မျိုးပါ ၆ ဦး၊ မခင်သီတာထွေးပါ ၂၀ ဦး၊ မဇွန်ပွင့်ဖြူပါ ၁၂ ဦး၊ မထက်ထက်ဝင်းပါ ၂ ဦး၊ မစန်းသဥ္ဇာသိမ့်၊ မမေသဇင်ပါ ၁၈ ဦး၊ မထွေးထွေးပါ ၄ ဦး၊ မမေသူဇော်ပါ ၅ ဦး၊ မအိတာဖြူပါ ၃ ဦး၊ မခင်မျိုးမျိုးထွန်းပါ ၇ ဦး၊ မဇင်မျိုးခိုင်ပါ ၇ ဦး၊ မသိင်္ဂီကျော်ပါ ၇ ဦး၊ မဌေးဌေးဇော်ပါ ၄ ဦး၊ မထက်ထက် အောင်ပါ ၃ ဦး၊ မရင်ရင်ထွန်း (ကိုယ်စား) မိခင် ဒေါ်မိုးဝတီ ပါ ၆ ဦး၊ မဝေဝေသင်း ပါ ၂ ဦး၊ မခိုင်နွယ်ဝင်း၊ မသွန်းနဒီပါ ၂ ဦးနှင့် မနှင်းနုဝေပါ ၃ ဦး၊ မအေးအေးနိုင်၊ မသက်သက်စုအောင်၊ မအေးမြတ်ခိုင်၊ မယွန်းနဒီဇော်၊ မရွှေဝတ်ရည်၊ မသင်းရနံ့၊ မသူသူဟန်ပါ ၁၄ ဦး၊ စုစုပေါင်း အလုပ်သမား ၁၃၃ ဦးတို့မှ ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ပါကြောင်း၊ အဆိုပါတိုင်ကြားသူ ၁၃၃ ဦးတွင် Su Latt Myint Mo Services Co.,Ltd ကို တိုင်ကြားသူ  ၆၁  ဦး၊ Nay Won Kabar Co.,Ltd ကို တိုင်ကြားသူ  ၇၂ ဦးတို့ဖြစ်ပါကြောင်း၊

၂။       တိုင်ကြားမှုများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ရန်ကုန်တိုင်း ဒေသကြီးရုံး၏ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတို့မှ အဖွဲ့ခေါင်းဆောင်၊ သက်ဆိုင်ရာမြို့နယ်ရုံး၏ တာဝန်ခံအရာရှိမှ အဖွဲ့ဝင်၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)မှ အဖွဲ့ဝင် ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ တိုင်ကြားသူ အလုပ်သမားများ၊ တိုင်ကြားခံရသည့် အေဂျင်စီများကို ခေါ်ယူပြီး သုံးပွင့်ဆိုင်စနစ်ဖြင့် မျက်နှာစုံညီတွေ့ဆုံ၍ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

၃။      စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးချက်အစီရင်ခံစာ တင်ပြလာချိန်တွင် စိစစ်တွေ့ရှိချက်များအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကျိုးဆောင်လိုင်စင်မရှိသူ ပြင်ပပွဲစား များမှ ဥပဒေချိုးဖောက်ခြင်းဖြစ်ပါက ဦးစီးဌာနမှ တရားလိုပြုလုပ်၍ သက်ဆိုင်ရာရဲစခန်း များတွင် အမှုဖွင့်အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

၄။      နစ်နာသူအလုပ်သမားများအနေဖြင့်လည်း ပြည်ပနိုင်ငံသို့ သွားရောက်ရခြင်းမရှိ၍ မိမိတို့ ပေးသွင်းခဲ့သည့် ဝန်ဆောင်ခများကို  အေဂျင်စီ (သို့မဟုတ်) ပွဲစားများထံမှ ပြန်လည် တောင်းခံသော်လည်း ရရှိခြင်းမရှိပါက တရားဝင်အေဂျင်စီထံသို့ ပေးဆောင်ထားသည့် ဝန်ဆောင်ခများကို အလုပ်သမားများထံသို့ ပြန်လည်ပေးအပ်စေရေး စစ်ဆေးရေး အဖွဲ့များမှ ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပွဲစားများထံသို့ ပေးအပ်ထားခြင်းဖြစ်ပါက နစ်နာသူအလုပ်သမားများကိုယ်တိုင်ကလည်း သက်ဆိုင်ရာ တရားရုံးတွင် ငွေကြေးပြန်လည်ရလိုမှုဖြင့် တရားမမှုဖွင့်လှစ်၍ ဆောင်ရွက်နိုင်ပါကြောင်း၊

၅။      အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပနိုင်ငံများတွင်ဖြစ်စေ အလုပ်သမားများမှ အခက်အခဲတစ်စုံတစ်ရာရှိ၍ တိုင်ကြားလာပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ တိုင်ကြားသူအလုပ်သမားများ နစ်နာမှုမရှိစေရေးအတွက်  ဥပဒေနှင့်အညီ ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၆။      ကာယကံရှင်အလုပ်သမားများကိုယ်တိုင် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ငွေကြေးလိမ်လည်ခဲ့သူ ၉ ဦးကို သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိ၍ ပြစ်မှုကျူးလွန်သူများကို အရေးယူဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း။