ရန်ကုန် စက်တင်ဘာ ၉။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီဌာနက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာရှိ၊ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းတွင် အလုပ်သမားညွှန်ကြာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်ဥပဒေများနှင့် နည်းဥပဒေများ၊ အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ချုပ်ဆိုခြင်း၊ လျော်ကြေးနှုန်းထားများ အကြောင်းကို ရှင်းလင်းပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးညီညီက စည်းကြပ် အလုပ်သမားဥပဒေပြဌာန်းချက်များ၊ အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေးတွက်ချက်မှုများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကိစ္စရပ်များအကြောင်းကို ဆွေးနွေးပို့ချသည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ ထည့်ဝင်ကြေးနှုန်းထားများ၊ ငွေကြေးအကျိုး ခံစားခွင့်များ လူမှုဖူလုံရေးအကြောင်းတို့ကို ရှင်းလင်းသည်။
ထို့နောက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေ များ၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များ၊ အငြင်းပွားမှုဖြေရှင်း ရေးနည်းလမ်းများကို ရှင်းလင်းသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့သည်။

