အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                        ဩဂုတ် ၁၁။

       မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၃) ခုနှစ်တွင် ဆုရရှိသူများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၃) ရပ်ကွက်၊ မြနန္ဒာလမ်း၊ အမှတ် (၂၉၈) ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ (NSSA) မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ ဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေး အကဲဖြတ်သူများ၊ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၃) ပြိုင်ပွဲဝင်များ၊ သက်ဆိုင်ရာကော်မတီဝင်များ အပါအဝင် စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားခဲ့ရာ NSSA ကို ဒေသတွင်းသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားထုတစ်ရပ် ပေါ်ထွန်း လာစေရေး မျှော်မှန်း ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းခွင်တွင်းရှိ အလုပ်သမားများ၏ လုပ်ငန်းအတွေ့ အကြုံနှင့် ကျွမ်းကျင်မှုအား အသိအမှတ်ပြုရန်၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုရန်၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း စနစ်အား သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကျွမ်းကျင်လုပ်သားများ၏ အရည် အသွေးကို မြှင့်တင်ပေးရန်နှင့် ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ၏ ရပိုင်ခွင့်၊ လူနေမှုအဆင့် အတန်းနှင့် ကျွမ်းကျင်မှုများ တိုးတက်စေရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊

          NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ယနေ့အထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၅၀) ခုမှ အလုပ်အကိုင် (၃၅) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၂၃၃၄၀) ဦးကို မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်သား (၃,၅၀၀) ဦး စစ်ဆေးအကဲ ဖြတ်နိုင် ရေး လျာထားပြီး ဇူလိုင်လကုန်ထိ ဖြေဆိုသူလုပ်သား (၈၆၀) ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အရည် အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၇၆၀) ဦးကို အသိအမှတ်ပြုနိုင်ခဲ့ပြီး သတ်မှတ်ချက်ပြည့်မီ ကျော်လွန်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊

          စင်ကာပူနိုင်ငံတွင် ၁၉-၇-၂၀၂၃ ရက်နေ့မှ ၂၇-၇-၂၀၂၃ ရက်နေ့ထိ ကျင်းပခဲ့သည့် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ တွင် မြန်မာနိုင်ငံမှ Electrical Installiona နယ်ပယ်တွင် ပြိုင်ပွဲဝင် (၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Medallion of Excellence နှင့် Best of Nation ဆုရရှိ၍ နိုင်ငံ ဂုဏ်ဆောင် ပေးနိုင်ခဲ့မှုအတွက် ပြိုင်ပွဲဝင်များနှင့် နည်းပြများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း၊  ထောက်ပံ့ကူညီ ပေးခဲ့သည့် လုပ်ငန်းရှင် များကို ကျေးဇူးတင်ရှိပါကြောင်းနှင့်  နောင်တွင် ကျင်းပမည့်ပြိုင်ပွဲများ တွင် မြန်မာ့ဂုဏ်ဆောင် ကျွမ်းကျင်လုပ်သားများ ထပ်မံပေါ်ထွန်းလာရေး တာဝန်ရှိသူများ၊ အသင်းအဖွဲ့ များမှ နိုင်ငံချစ်စိတ်ဖြင့်  အလေးထား ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူတို့က အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၃ တွင် ပါဝင်ယှဉ်ပြိုင်၍ ဆုရရှိခဲ့သူ (၂) ဦးနှင့် ပံ့ပိုး ကူညီခဲ့သော လုပ်ငန်းရှင်များကို  ဂုဏ်ပြုလက်မှတ်နှင့် NSSA အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင် လုပ်သားများကို အသိအမှတ်ပြု  လက်မှတ်များ ပေးအပ်ခဲ့သည်။

          နေလယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ်စက်ရုံနှင့် ဇာထိုးပန်းစက်ရုံများဖြစ်သော MEGA ONE GARMENT Co.,Ltd၊ SUN FLOWER LACE (2) နှင့် SHWE MINGALAR GARNMENT CO.,LTD သို့သွားရောက် ကြည့်ရှုရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမား အဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။           ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှုလျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏အမိန့်နှင့်ညွှန်ကြား ချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များ တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် လုပ်သားများ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရပြီး လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် WCC အဖွဲ့များဖွဲ့စည်း၍  ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် အရည်အသွေးမီ ထုတ်ကုန်ပစ္စည်းများ အချိန်မီ ထုတ်လုပ် ပေးနိုင်ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ရှင်အတွက် ဂုဏ်သိက္ခာမြင့်မားစေပြီး  ကျွမ်းကျင် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်၍ တိုင်းပြည် GDP ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။