အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် စက်တင်ဘာ ၂ ရက်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၄-၁၀-၂၀၁၉ ရက်နေ့မှ ၇-၁၁-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၃၇) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးပါအချက်များ၊ CAS အစည်းအဝေး၏ဆုံးဖြတ်ချက်ပါ အချက်များ နှင့် ပတ်သက်၍ဖြစ်ပေါ်တိုးတက်မှုများကို ပြည့်ပြည့်စုံစုံတင်ပြနိုင်ရေးနှင့်ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group – HLWG) ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁:၀၀နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပ သည့် အစည်းအဝေးသည် လာမည့် အောက်တိုဘာလကုန်တွင် စတင်ကျင်းပမည့် ILO အုပ်ချုပ်မှု အဖွဲ့အစည်းအဝေး၌ဆွေးနွေးမည့် “မြန်မာနိုင်ငံမှ ILO ပြဌာန်းချက်အမှတ် ၂၉ လိုက်နာကျင့်သုံး အကောင်အထည်ဖော်မှု”နှင့် ပတ်သက်ပြီး အချက်အလက်များရရှိနိုင်ရေး ဒုတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း။
ILO ၏ (၃၃၇) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ပါ အချက်အလက်များအပြင် (၁၀၈)ကြိမ်မြောက် ILC ကာလအတွင်းပြုလုပ်ခဲ့သည့် CAS အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ တိုးတက် အကောင်အထည်ဖော်မှုများကို ဖော်ပြနိုင်ရန် အရေးကြီးပါကြောင်း။
မြန်မာနိုင်ငံ၌ အဓမ္မခိုင်းစေမှုများ အတိုင်းအတာတစ်ခုအထိ ပပျောက်နေပြီဖြစ်ရာ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ တိတိကျကျဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် CAS အစည်း အဝေးပါဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်းအရေးယူဆောင်ရွက်မှု၊ ILO နှင့် ပူးပေါင်းဆောင်ရွက် မှု၊ NTDF အစည်းအဝေးကျင်းပနိုင်မှုနှင့်တိုးတက်မှုများ၊ အလုပ်သမားရေးရာဥပဒေများပြင်ဆင်ရန် ကြိုးပမ်းလုပ်ဆောင်နေမှုများ၊ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းလုပ်ဆောင်နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ အချက်အလက်များကို ကိန်းဂဏန်းအချက်အလက်များဖြင့် ဖော်ပြ သွားရန်လိုအပ်ပါကြောင်း။
HLWG အဖွဲ့ဝင်ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များရယူပြီး ရေးဆွဲထားသည့် အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာလုပ်ငန်းစီမံချက် (New Action Plan)၊ အမျိုးသားအဆင့် အဓမ္မ စေခိုင်းမှုဆိုင်ရာတိုင်ကြားမှုယန္တရား(National Complaint Mechanism – NCM) နှင့်ကြားကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်မည့်နည်းလမ်းတို့ အကောင်အထည်ဖော်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်၍လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက် လျက်ရှိသည်ကိုလည်းအသိပေးလိုပါကြောင်း။
ILO ၏ 337thGB အစီရင်ခံစာတွင် ဌာနဆိုင်ရာအသီးသီးမှ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍ အလိုက်ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာကယုံကြည်မှုရရှိစေရန် အချက်အလက်ပြည့်ပြည့် စုံစုံနှင့်ထိထိရောက်ရောက် ပြန်ကြားပေးပို့နိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးခြင်းဖြင့်နိုင်ငံ၏ပုံရိပ်ပိုမိုကောင်းမွန်စေရေးအတွက်ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်သမားရေးရာပူးပေါင်းအဆောင်ရွက်ရေးလုပ်ငန်းကော်မတီသို့ တက်ရောက် လာသည့် ကော်မတီဝင်များမှ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြုဖြည့်စွက် ဆွေးနွေးအတည်ပြု ခဲ့ကြကြောင်းသတင်းရရှိပါသည်။