အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဩဂုတ်လ ၂၈ ရက်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဌ၊ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့သည်။
အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေ ဦးဆောင်ပြီး ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များဖြင့် ဖွဲ့စည်းထားကြောင်း၊ အမျိုးသားကော်မတီ ၏အောက်တွင် လုပ်ငန်းကော်မတီ ၈ ခုဖွဲ့စည်းပြီး အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ကိုလည်း ဖွဲ့စည်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ လုပ်ငန်း ကော်မတီ ၈ ခုတွင် ပါဝင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်းစီမံချက်အား အမျိုးသား ကော်မတီသို့ ရေးဆွဲတင်ပြထားပြီး အသေးစိတ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းတာဝန်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ကို ၂၇-၉-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ်အစည်းအဝေးသို့ တင်ပြနိုင်ရေး တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြပေးရန် ပြောကြားသည်။
ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ ကော်မတီဝင်များမှ အဓိကတင်ပြရမည့်အချက်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ အသေးစိတ်စီမံချက်ပါ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ၊ အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများက အသေးစိတ်စီမံချက်ပါ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ တွေ့ကြုံရ သည့် အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးကြောင်း သတင်းရရှိသည်။