နေပြည်တော်၊ မေ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းIOM တို့ပူးပေါင်း၍ IOM X Myanmar Campaign ဗွီဒီယိုဇာတ်လမ်းတိုများမိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ မေလ ၇ ရက်နေ့တွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ကိုယ်စားလှယ်များ၊ IOM၊ INGO၊ NGO မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ အပါအဝင် ၁၂၀ ဦး တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဓိကအကြောင်းအရာ လေးခုဖြစ်သည့် ရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရင်း၊ မိသားစုလွှဲပို့ငွေအပေါ် စီမံခန့်ခွဲခြင်း၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများနှင့် ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီရေးဗဟိုဌာနများမှ သတင်းအချက်အလက် ရယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်းနှင့်ခရီးဆုံးနိုင်ငံတွင် သတင်းအချက်အလက်များရရှိနိုင်ရန်ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ပါဝင်သည့် ဗွီဒီယိုဇာတ်လမ်းတိုများကိုပြည်သူလူထုထံချပြနိုင်ရန်မိတ်ဆက်ပေး ခြင်းဖြစ်ကြောင်း၊ ယင်းဇာတ်လမ်းတိုများသည် မြန်မာနိုင်ငံမြို့ပြနှင့်ကျေးလက်ဒေသတွင် နေထိုင် ကြသည့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြားလူငယ်များ၊အမျိုးသား/အမျိုးသမီးများ၊ ရွှေ့ပြောင်း သွားလာနေထိုင်ရန် ရည်ရွယ်ချက်ရှိသူများအတွက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များသိရှိခြင်း၏ အရေးကြီးမှုနှင့်ယုံကြည်စိတ်ချရသည့် သတင်းအချက် အလက်များကို မည်သည့်နေရာတွင် ရရှိနိုင်မည်ကိုသိရှိစေရန်ရည်ရွယ်၍ ပညာပေးဇာတ်လမ်း အနေဖြင့်ရိုက်ကူးထားခြင်းဖြစ်ကြောင်း၊ ပြည်တွင်းနှင့်နိုင်ငံဖြတ်ကျော် ရွှေ့ပြောင်းသွားလာ နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို အလွဲသုံးစားအမြတ်ထုတ်ခံရခြင်း လျှော့ချနိုင်ရန်နှင့် ရွှေ့ပြောင်းသွားလာနေထိုင်မှု ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်သတင်း အချက်အလက်များရရှိစေရန်ဖြစ်ကြောင်း၊ IOM X Myanmar Campaign သည်ရည်ရွယ် ထားသူများထံ လုံခြုံစိတ်ချရပြီးအကျိုးရှိသည့် ရွှေ့ပြောင်းသွားလာခြင်း အစီအစဉ်များရောက်ရှိ စေရန် မိုဘိုင်းလ်ဖုန်းများမှတဆင့် အင်တာနက်စာမျက်နှာ၊ Facebook စာမျက်နှာစသည့် လူမှု ကွန်ယက်များမှမြှင့်တင်ဆောင်ရွက်မည် ဖြစ်ပြီး လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းအတွက် သိသင့်သိထိုက်သည့်သတင်းအချက်အလက်များ အဆင့်ဆင့်ကိုဖြန့်ဝေ နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
Migration X Safe MigrationInformation Campaign တွင် လုံခြုံစိတ်ချရပြီး ကောင်းမွန်စွာ ရွှေ့ပြောင်းသွားလာနေထိုင်ရန်မယ်ရွှေ့ပြောင်းထံမှလိုအပ်သည့် သတင်းအချက် အလက်များရယူပါ ဆိုသည့် ဆောင်ပုဒ်နှင့်အညီလုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်စေရန်အင်တာနက်စာမျက်နှာ၊ Facebook စာမျက်နှာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းဖြင့် နိုင်ငံတစ်ဝန်းရှိအများ ပြည်သူထံပြန့်နှံ့သက်ရောက်စေဖို့ မျှော်မှန်းထားကြောင်း သတင်းရရှိသည်။


