အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် သြဂုတ်၊ ၂၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်၍ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကို၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၄၀၀ အချိန်၌ နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီအနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေး အပါအဝင် အိုင်အယ်လ်အိုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာကိစ္စရပ်များ၊ ဂျီနီဗာရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးထံမှ အဓမ္မစေခိုင်းမှုဆိုင်ရာ ပပျောက်ရေးလုပ်ငန်း စီမံချက်နှင့် ပတ်သက်သည့် အကြံပြုချက်များ၊ အိုင်အယ်လ်အိုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရေးအတွက် အိုင်အယ်လ်အိုနှင့် နောက်ဆုံးညှိနှိုင်းသဘောတူညီချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသော ကိုယ်စားလှယ်များမှ ညှိနှိုင်းသဘောတူရန် လိုအပ်နေသေးသည့် အချက်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၁၅၃၀ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။