ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ၂၂.၂.၂၀၁၇ ရက်နေ့ နံနက်၁၁၃၀အချိန်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ပြည်ပလမ်းညွှန်သင်တန်းနှင့် ကိုရီးယားလုပ်ငန်းခွင်အကြို သင်တန်းများတက်ရောက်နေသောသင်တန်းသားများနှင့်တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးကသင်တန်းသားများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ပြည်ပ နိုင်ငံအသီးသီးသို့ သွားရောက်မည့် သင်တန်းသားများအနေဖြင့် ပြည်ပနိုင်ငံတွင် ကြိုးကြိုးစားစား အလုပ်လုပ်ပါက အလုပ်ရှင်မှနေရာပေးမည်ဖြစ်ပြီး အမြဲတမ်းအလုပ်သမားဘဝတွင် အလုပ်လုပ်ကိုင် ရန်စိတ်မကူးဘဲ မိမိနိုင်ငံသို့ပြန်လာလျှင် လုပ်ငန်းရှင်ဖြစ်ရန် ရည်ရွယ်ချက်ထားရှိစေလိုကြောင်း၊ နိုင်ငံတော်ကမိမိနိုင်ငံသားများအပေါ် စောင့်ရှောက်ရန်တာဝန်ရှိသလိုဥပဒေအရလည်း ဆောင်ရွက် ပေးမည်ဖြစ်ပြီးစေတနာလည်းရှိပါကြောင်း၊ ပြည်ပရောက် အလုပ်သမားများအား အကူအညီများ ပေးနိုင်ရန်အတွက် ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားရှိပါကြောင်း၊ သင်တန်းများမှာသင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းသားများအနေဖြင့် သွားရောက်မည့်နိုင်ငံ၏ ပတ်ဝန်းကျင်အခြေအနေများကိုကြိုတင်သိရှိထားမှသာလျှင် ပိုမိုလုံခြုံမှု ရှိမည်ဖြစ်၍ သင်တန်းများပို့ချနေခြင်းဖြစ်ကြောင်း၊ ပြည်ပသို့သွားရောက်မည့် ရွှေ့ပြောင်းလုပ်သား များအခက်အခဲမရှိစေရန် သင်တန်းမှပေးလိုက်သည့် အလုပ်သမားသံအရာရှိနှင့် လူမှုအဖွဲ့အစည်း ဖုန်းနံပါတ်များမှတ်သားထားရန်နှင့် ပြည်ပနိုင်ငံများတွင် ၎င်းတို့နိုင်ငံသားများနှင့် တန်းတူ အခွင့် အရေးရရှိရန်လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သင်တန်းကျောင်းအတွင်းသင်တန်းပို့ချမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

