အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဖေဖော်ဝါရီလ ၁၀ ရက်

ဆဌမအကြိမ်မြောက် အမျိုးသားအဆင့် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ ကိုယ်စားလှယ် များပါဝင်သော သုံးပွင့်ဆိုင်အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၀၉၀၀ အချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ ၊ အလုပ်သမား အဖွဲ့အစည်းများနှင်‌့ အလုပ်ရှင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင်‌့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ရန်ကုန်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများအနေဖြင့် အလုပ်သမား များ၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ပေးကြရန် တူညီသောရည်ရွယ်ချက်များနှင့် မိမိတို့ လုပ်ဆောင်နိုင်သော ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်နေကြသည်ကို ကောင်းစွာအသိအမှတ်ပြုပါ ကြောင်း၊ဦးတည်ရာပန်းတိုင်တစ်ခုတည်းသို့ လျှောက်လှမ်းနေကြသည့်သူများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်စေလိုသော ရည်ရွယ်ချက်ဖြင့် ယနေ့ဆွေး‌နွေးပွဲအားကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် လူထုလူတန်းစားအသီးသီး၏ အကျိုးစီးပွားဖော်ဆောင်ရာတွင် ကောင်းမွန်သောမူဝါဒများချမှတ်၍ ဆောင်ရွက‌်နေသော်လည်း လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံလူတန်းစားအဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊စက်ရုံ၊အလုပ်ရုံများတွင် အလုပ်သမားများ၏ဘေးအန္တရာယ်ကင်းရှင်းရေး၊ကျန်းမာရေး၊ စားဝတ်နေရေးစသည်အသေးစိတ်လိုအပ်ချက်များအား အလုပ်ရှင်၊အလုပ်သမား အဖွဲ့အစည်းများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
အလုပ်သမားအဖွဲ့အစည်းများအနေဖြင့် မိမိအဖွဲ့အစည်း၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်း စည်းကမ်း နှင့် လုပ်ငန်းစဉ်များအားအဖွဲ့ဝင်များ ကိုယ်တိုင်ရေးဆွဲသတ်မှတ်ပြီး လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိသည့်အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်းများစနစ်တကျဖွဲ့စည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊
အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပါက မျှတစွာဖြေရှင်းဆောင်ရွက်ပေး နိုင်ရန် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကိုလည်း အတည်ပြုပြဌာန်းထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အလုပ်သမားထု၏ အင်အားသည် အဓိကကျသကဲ့သို့အလုပ်သမားများအတွက်အလုပ်အကိုင်များဖန်တီးပေးသည့်အလုပ်ရှင်ဆိုသည် မှာလည်း မရှိမဖြစ်လိုအပ်သည့် မိတ်ဖက်ဖြစ်ပါကြောင်း၊ အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်းများ ဆိုသည်မှာကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန် အ‌ထောက်အကူပြုပြီးနိုင်ငံစီးပွား တိုးတက်စေရေးအတွက်လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းပြောကြား ခဲ့ပါသည်။
ထို့နောက် အစိုးရကိုယ်စားတက်ရောက်လာသောဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အလုပ် သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ ILO ကိုယ်စားလှယ်တို့မှ အပြန်အလှန် ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုညနေပိုင်းတွင်ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

TrialMeeting2