နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဟားဗက်ဒ်တက္ကသိုလ် အုပ်ချုပ်မှုပညာဆိုင်ရာ ကနေဒီကျောင်း၊ အက်ရှ်စင်တာမှ ပါမောက္ခ Mr. Thomas J. Vallely နှင့်အဖွဲ့ အား ဖေဖော်ဝါရီလ(၃)ရက် နံနက်(၁၀)နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံလက်မှတ်(NV Card) ထုတ်ပေးမှုနှင့် ရခိုင်ပြည်နယ်အတွင်း NV Card ထုတ်ပေးပြီးစီးမှု၊ NV Card ကိုင်ဆောင်ထားသူအတွက် ရရှိခံစားနိုင်သည့် အခွင့်အရေးနှင့် အကျိုးကျေးဇူးများ၊ NV Card ထုတ်ပေးပြီးနောက် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် ဆောင်ရွက်နိုင်မည့် လေ့လာသုံးသပ်ချက်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


