နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန သည် ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာများကို အတွဲလိုက် ထုတ်ပြန်ကြေညာခဲ့ရာ ပထမအဆင့် အနေဖြင့် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၁၄ခုနှစ်၊ သြဂုတ်လတွင်လည်းကောင်း၊ သန်းခေါင်စာရင်းပင်မ အစီရင်ခံစာများ ကို ၂၀၁၅ခုနှစ်၊ မေလတွင် လည်းကောင်း၊ အလုပ်အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာကို ၂၀၁၆ခုနှစ်၊ မတ်လတွင် လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာ အစီရင်ခံစာကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ထို့ပြင်၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံ၍အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်းရလဒ် မြေပုံများကို ဆက်လက်ပြုစုလျက် ရှိပြီး မွေးဖွားခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ သားဖွားမိခင် သေဆုံးခြင်းစသည့် အသေးစိတ် သုတေသန စာတမ်း (၃) စောင်ကို၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ထပ်မံရေးသားပြုစုပြီးဖြစ်သော လူဦးရေပြောင်းလဲခြင်း အသေးစိတ်သုတေသနစာတမ်း ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင်လည်းကောင်း၊ ရွှေ့ပြောင်း သွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း အသေးစိတ် သုတေသန စာတမ်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် လည်းကောင်း ပြည်သူ့အင်အားဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင်လွှင့်တင်ထားပြီးဖြစ်ပါသည်။
လူဦးရေပြောင်းလဲခြင်းစာတမ်းတွင် မြန်မာနိုင်ငံ၏လူဦးရေ ပြောင်းလဲခြင်းဆိုင်ရာ တွေ့ရှိချက်များ၊အဆိုပါ ပြောင်းလဲမှုဖြစ် စဉ်၏ သက်ရောက်မှုများနှင့် မြန်မာနိုင်ငံအတွက်လူဦးရေဆုလာဘ်ကို ရရှိခံစားနိုင် စေမည့်နည်းလမ်းများကို အသေးစိတ် ဆန်းစစ်လေ့လာရေးသားပြုစု ထားပြီး ရွှေ့ပြောင်းသွားလာခြင်း နှင့် မြို့ပြထွန်းကားလာခြင်း စာတမ်း တွင် ပြည်တွင်းရွှေ့ပြောင်း သွားလာခြင်း၊ ပြည်ပရွှေ့ပြောင်းသွား လာခြင်း၊ မြို့ပြနှင့်ကျေးလက်ဒေသတွင် လူဦးရေပျံ့နှံ့နေထိုင်မှု (မြို့ပြထွန်းလာခြင်း) ဟူ၍ ရွှေ့ပြောင်းခြင်းဖြစ်စဉ်(၃)မျိုးကို အသေးစိတ် ဆန်းစစ်လေ့လာ ရေးသားပြုစုထားကြောင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ထုတ်ပြန်မှုများနှင့် ပတ်သက်၍ ပြည်သူ့အင်အားဦးစီးဌာန ဝက်ဘ်ဆိုဒ် www.dop.gov.mmတွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။

