အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မေလ(၃၀)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ ကျင်းပခဲ့သော (၁၀၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ တက်ရောက် ရန်အတွက် ဂျီနီဗာမြို့သို့ ဇွန်လ(၅)ရက်နေ့တွင် ရောက်ရှိပြီး၊ ဇွန်လ(၇)ရက်နေ့တွင် ညီလာခံစုံညီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရှိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံကာလအတွင်း အာဆီယံအလုပ်သမားဝန်ကြီးများ၏ အလုပ်သဘောနံနက်တွေ့ဆုံပွဲတွင်လည်းကောင်း၊ အာရှ-ပစိဖိတ်အလုပ်သမားဝန်ကြီးများ အစည်း အဝေးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့်အဖွဲ့အား ဇွန်လ(၆)ရက်နေ့တွင် ကုလသမဂ္ဂရုံးတွင် ယာယီဖွင့်လှစ်ထားသည့် ၎င်း၏ရုံး၌တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အကူအညီပေးရန်ထားရှိသည့် အိုင်အယ်လ်အို ဆက်သွယ်ရေးအရာရှိ ရုံးအစား၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကူညီဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်လ်အိုရုံးအဖြစ် ပြောင်းလဲဖွင့်လှစ်ရေးကိစ္စအပါအဝင် မြန်မာနိုင်ငံနှင့် အိုင်အယ်လ်အိုတို့ အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမား ကိုယ်စားလှယ်တို့လည်းအတူ တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုဝန်ကြီးသည် အမေရိကန် ပြည်ထောင်စု၊အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ Associate Deputy Undersecretary ဖြစ်သူ Mr. Eric R. Biel နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ နိုင်ငံတကာအလုပ်သမားရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Sarah Fox နှင့်အဖွဲ့အား ဇွန်လ(၁၀)ရက်နေ့တွင် ကုလသမဂ္ဂရုံး၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ညီလာခံနှင့်တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမောင်ဝေလည်း ပါဝင်တက်ရောက် ခဲ့ပါသည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ် များ ချမှတ်အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီပေးရေး ကိစ္စများကို အိုင်အယ်လ်အိုရုံးမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဂျာမနီနိုင်ငံ၊ ဥရောပနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင်နှင့် လူမှုရေးမူဝါဒဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. Susanne Hoffman တို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ၊ အလုပ်သမားကိုယ်စားလှယ် နှင့် ယင်း၏အကြံပေးပုဂ္ဂိုလ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် ယင်း၏အကြံပေးပုဂ္ဂိုလ်များ ပါဝင်ပြီး ဇွန်လ(၁၂) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။









