နေပြည်တော် ၊ ဖေဖော်ဝါရီ ၇
အနည်းဆုံးအခငွေကြေးငွေ သတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာတွင် ကျင့်သုံးနေ သော အနည်းဆုံး အခကြေးငွေ သတ်မှတ်သည့်ပုံစံများနှင့် အတွေ့အကြုံများကို ILO အဖွဲ့ရုံးမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကျွမ်းကျင်သူက လာရောက်ရှင်းလင်းသည့် ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် အလုပ်သမား၊အလုပ်ကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊အလုပ်ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အနည်းဆုံးအခငွေကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးကဲများ၊ အလုပ်သမားနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ၊ ILO, MDRI နှင့် MMRD တို့မှ ကိုယ်စားလှယ်များ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ILO ကိုယ်စားလှယ် Mr. Steve Marshall နှင့် အခကြေးငွေဆိုင်ရာ ကျွမ်းကျင်သူ Mr.Multe Luebker က အနည်းဆုံးအခငွေကြေးငွေ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အခြေခံသဘောတရား၊ အကျုံးဝင်သက်ရောက်မှု အခန်းကဏ္ဍဍနှင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ၏ သတ်မှတ်ချက်နှင့်အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီးနောက် Myanmar Development Resource Institute (MDRI) မှ Research Coordinator, Mr. Paul Minoletti က MDRI မှ ကောက်ယူခဲ့သော နေထိုင်မှုစရိတ်ဆိုင်ရာ သုတေသနစစ်တမ်း၏ ရလဒ်များနှင့် စပ်လျဉ်း၍တင်ပြခဲ့ပြီး၊ MDRI မှ ဒေါက်တာဇော်ဦးနှင့် Myanmar Market Research and Development (MMRD) မှ ပညာရှင် ဦးအောင်မင်း တို့က အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာအခြေခံရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများ၏မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။