ရန်ကုန် ဇန်နဝါရီလ ၁၄ ရက်
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိသည့်မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ရှေ့ပြေးစီမံချက်တတိယအဆင့် အမျိုးသားအဆင့်အလုပ် အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ၁၄ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမှ တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌနှင့် ဌာနဆိုင်ရာများ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ NSSA အဖွဲ့ဝင်များနှင့်ကျွမ်းကျင်သူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် GIZ၊ ILO နှင့် SDC/Swisscontact တို့မှ တာဝန်ရှိသူများ၊ ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုအောင်မြင်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Focal Ministryအဖြစ်တာဝန်ယူဆောင်ရွက်သည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဌာန်းရေးအဖွဲ့ (National Skills Standards Authority- NSSA) မှ အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် ကျွမ်းကျင်မှုအကဲဖြတ်ရေးရှေ့ပြေးစီမံချက် တတိယအဆင့်အတွက် အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များပေးအပ်သည့် အခမ်းအနား ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့(National Skills Standards Authority – NSSA)အနေဖြင့်အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးရှေ့ပြေးစီမံချက် (ပထမအဆင့်နှင့်ဒုတိယအဆင့်) များတွင်အလုပ်အကိုင် ၁၁ မျိုးအတွက် အောင်မြင်သည့်သင်တန်းသား (၇၂၇)ဦးကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု (Level-1) အသိအမှတ်ပြုလက်မှတ်များကိုပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။ ၂၀၁၇ တွင် ကျွမ်းကျင်အလုပ်သား(၅၀၀၀)ဦးမွေးထုတ်ပေးရန်စီမံချက်ထားရှိပြီး ယခုအကြိမ်တွင်ကျွမ်းကျင်လုပ်သား (၂၅၁)ဦးအား အမျိုးသားအဆင့်(၁)နှင့်(၂) ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များကိုအလုပ်အကိုင် (၁၆) မျိုးအတွက် အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ပါကြောင်း။
လက်ရှိမြန်မာနိုင်ငံတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံရှိ လုပ်သားထု အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖြစ်ပေါ်လာစေရေးအတွက် အထူးပင် အရေးပါရာယခုအချိန်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတိုင်းသည် ကျွမ်းကျင်လုပ်သားများ ရရှိနိုင်ရန်အခက်အခဲများနှင့်ရင်ဆိုင်နေရပါကြောင်း။ ထို့ကြောင့်အနာဂတ်မြန်မာနိုင်ငံ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသည် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း။
အာဆီယံစီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျွမ်းကျင် လုပ်သား များလွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ကိုအသိအမှတ်ပြုရမည်ဖြစ်ရာ မြန်မာ့လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသည် များစွာအရေးပါပါကြောင်း။
ထို့ကြောင့် မြန်မာလူငယ်လူရွယ်များအတွက် အာဆီယံလုပ်သားဈေးကွက်မှာ ကျွမ်းကျင် လုပ်သားများအဖြစ်ဝင်ရောက်ယှဉ်ပြိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပေးရာ တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် အထူးပင်လိုအပ်ပါကြောင်း။
ယခုကဲ့သို့ ရှေ့ပြေးစီမံချက် တတိယအဆင့် စစ်ဆေးအကဲဖြတ်ခြင်းမှာ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ကော်မတီ၊ NSSA အကြံပေးအဖွဲ့ဝင်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် မိတ်ဖက်အဖွဲ့ အစည်းများအားအထူးပင်ကျေးဇူးတင်ရှိသည်ကိုလည်း ပြောကြားလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်UMFCCIဥက္ကဌဦးဇော်မင်းဝင်း တို့မှလည်း လုပ်သားများကျွမ်းကျင်မှုလိုအပ်ချက်များနှင့်ပတ်သက်ပြီး အသီးသီးအမှာစကားပြောကြား ခဲ့ပြီးနောက် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဌမှ မြန်မာကျွမ်းကျင်မှုလုပ်သားများရရှိရေး ဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသူများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အသိအမှတ်ပြုလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

