အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇူလိုင် ၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့် အဖွဲ့အား ဇူလိုင်လ(၅)ရက်၊ မွန်းလွှဲ(၃)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ် Mr.Giuseppe de Vincentiis တို့ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် NV Card ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် UNHCR နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများ၊ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများအတွက်လည်း UNHCR မှ ပံ့ပိုးကူညီမှုနှင့်ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက် နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(-)