နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis အား ဖေဖော်ဝါရီလ (၈)ရက် မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများအပေါ် UNHCR မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။


