နေပြည်တော် ဇူလိုင်လ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Gen. Sirichai Distakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရ၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုအခြေအနေများ၊ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုဥပဒေပါ အချက်အလက်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ၊ ထိုင်းနိုင်ငံဘက်မှ ယခုလက်ရှိဆိုင်းငံ့ ကာလ (၆) လ အတွင်း ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အလုပ်သမားများနှင့်ပတ်သက်သည့်အထောက်အထားမရှိသူများ၊ အထောက်အထားရှိပြီး သက်တမ်း လွန်နေသူများ၊ (Certificate of Identity)-CI စာအုပ်ရှိပြီး Work Permit မရှိသူများ နှင့် အလုပ်ရှင်၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်း နေရာလွှဲနေသူများအတွက် ဇူလိုင်လ (၂၄) ရက်နေ့ မှ ဩဂုတ်လ (၇) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် စာရင်းကောက်ယူရေး စင်တာများ ဖွင့်လှစ်၍ စာရင်းကောက်ယူပြီးစိစစ်၍အထောက်အထားထုတ်ပေးမည့်အစီအစဉ်များ၊ မြန်မာနိုင်ငံသို့အထောက်အထားရှိပြီး ပြန်လည်ဝင်ရောက်သည့် အလုပ်သမားများအနက်မှ အလုပ်သမားနှင့်အလုပ်ရှင် ဆန္ဒအရ အလုပ်ပြန်လည်လုပ်ကိုင်လိုသူများအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးမည့်အခြေ အနေများ၊ MoU စနစ် ဖြင့် Government to Government ပူးပေါင်းပြီး ရေလုပ်သား ပို့ဆောင်မည့် အစီအစဉ်များ၊ Visa နှင့် Work Permit ဆက်လက်ထုတ်ပေးမည့် အစီအစဉ်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် မြန်မာနိုင်ငံဘက်မှ စာရင်းကောက်ယူရရှိသည့် လုပ်သားအင်အား အခြေအနေ ပေါ်မူတည်၍ (Certificate of Identity)-CI စခန်းများဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းလဝက ဥပဒေဖြင့် ရက်ပေါင်း (၉၀) အတွင်း အလုပ်သမားကိုယ်တိုင်သက်တမ်းတိုးရမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်သည့် အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး ဆိုင်းငံ့ကာလ (၆)လ အတွင်း နှစ်နိုင်ငံတာဝန်ရှိသူများမှ ယခုထက် ပိုမိုနီးကပ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

