အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်
၁။ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ရန်ကုန်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)၌ ဒီဇင်ဘာလ(၇)ရက်နေ့တွင်ကျင်းပ ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး၊ NSSAနှင့်ဆက်စပ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ၊ GIZ၊ Swisscontact စသည့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်လုပ်သားများအပါအဝင် စုစုပေါင်း (၁၄၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
၂။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် NSSA အနေဖြင့် အလုပ်အကိုင် ဆိုင်ရာကျွမ်းကျင်မှု အဆင့်များကို အဆင့် (၄) ဆင့် ခွဲခြားသတ်မှတ်၍ ကျွမ်းကျင်မှု အဆင့် (၁) နှင့် (၂)တို့ကိုစစ်ဆေးလျက်ရှိကြောင်း၊ အမျိုးသားအဆင့်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိပြီးသူ လုပ်သားများအနေဖြင့် မိမိတို့ အသိအမှတ်ပြုခံရသည့် ကျွမ်းကျင်မှုအဆင့်နှင့်အညီ လုပ်ဆောင်ရန်၊ NSSA က သတ်မှတ်ထားသည့် လုပ်ငန်းစဉ်၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လုပ်ငန်းခွင်တွင် ဆက်လက်အသုံးချရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နည်းပညာများကို စဉ်ဆက် မပြတ်လေ့လာသင်ယူရန်လိုကြောင်း၊ သို့မှသာမိမိတို့လုပ်ငန်းခွင်အတွင်းအလေအလွင့်၊အပျက်အစီး နည်းပါးပြီး အရည်အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်၍ အလုပ်ရှင်များ၏ ယုံကြည်ကိုးစားရသူများ ဖြစ်လာမှာဖြစ်ကြောင်း၊ မိမိကျွမ်းကျင်မှုအပေါ် တန်ဖိုး ထားပြီး လုပ်ငန်းခွင်အတွင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်းနှင့် အလုပ်ရှင်များကလည်း မိမိတို့လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲပြီး အောင်မြင်မှုရရှိနိုင်ရန် ကျွမ်းကျင်လုပ်သားများကို တန်ဖိုးထားစေလိုကြောင်း ပြောကြား ပါသည်။
၃။ Globalization ဖြစ်စဉ်အရ စက်မှုနည်းပညာများ အရှိန်အဟုန်မြှင့်ပြောင်းလဲနေခြင်းကြောင့် တိုးတက်ပြောင်းလဲနေသည့် နည်းပညာကို အမှီလိုက်နိုင်ရေးနှင့် ခေတ်မီစက်ကိရိယာများကိုကိုင် တွယ်အသုံးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်လိုကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာမှုနှင့်အမျှ လုပ်သားစျေးကွက်အတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချက် များပြားလာခြင်းကြောင့် လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရေး လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများကို လေ့ကျင့်သင်ကြားပေးရန်နှင့် အသက်မွေးမှုလမ်းကြောင်းအတွင်း တစ်ဆင့်ပြီး တစ်ဆင့်တက်လှမ်းနိုင်ရေး အမျိုးသားအဆင့်ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရယူထားရန် လိုကြောင်း ပြောကြားခဲ့ပါသည်။
၄။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးနဲ့ အောက်မြန်မာပြည်ရှိ ကျွမ်းကျင်လုပ်သား များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း စစ်ဆေးခဲ့သည့် အလုပ်အကိုင် ၁၈ မျိုးရှိ အရည်အချင်းပြည့်မီသူ လုပ်သား ၁၂၈၁ ဦးကို အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိ အမှတ်ပြု လက်မှတ်ပေးအပ်ခြင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၈ ခု၊ သင်တန်းကျောင်း ၃ ခု၊ Inspector ၃ ဦးနှင့် Assessor ၉၅ ဦး တို့ကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
၅။ NSSA သည်စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်ထိ အလုပ်အကိုင် ၂၃ မျိုးမှ အမျိုးသားအဆင့် ကျွမ်းကျင်မှုအဆင့် (၁) ၁၃၀၆၂ ဦး နှင့် ကျွမ်းကျင်မှုအဆင့် (၂) ၁၀၅၉ ဦး၊ စုစုပေါင်း လုပ်သား ၁၄၁၂၁ ဦးကို အရည်အချင်းပြည့်မီ ကြောင်း စစ်ဆေးအကဲဖြတ်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။