အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန် ဒီဇင်ဘာလ ၁ ရက်
အနည်းဆုံးအခကြေးငွေပြန်လည်သုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ Novotel Yangon Max ၌ ကျင်းပပြုလုပ်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ အမျိုးသားလွှတ်တော် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာပြည်ထောင်စုနယ်မြေ၊တိုင်းဒေသ ကြီးနှင့်ပြည်နယ်ကော်မတီဝင်များ၊ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ Union Aid Abroad- APHEDA မှတာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များတက် ရောက်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၂-၃-၂၀၁၃ ရက်နေ့တွင် အနည်းဆုံးအခကြေးငွေဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီကို ၂၀-၇-၂၀၁၃ ရက် နေ့တွင်စတင်ဖွဲ့ခဲ့ပြီး လုပ်ငန်းစဉ်များချမှတ်ကာအလုပ်သမား ၁၅ ဦး အထက်နေရာဒေသနှင့်လုပ်ငန်း အမျိုးအစားမခွဲခြားဘဲ မြန်မာတစ်နိုင်လုံးတစ်ပြေးညီ တစ်နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် (၈)နာရီ (တစ်ရက်)အတွက် ၃၆၀၀ ကျပ်ကို ၂၈-၈-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်သတ် မှတ်နိုင်ခဲ့ ကြောင်း၊ သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်တို့နှင့်အညီ ပြန်လည်သုံးသပ်မှုများဆောင်ရွက်ရန် အမျိုးသားကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၁၆-၂-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း၊ အမျိုးသား ကော်မတီကလုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး အနည်းဆုံးအခကြေးငွေကို အလုပ် သမား၁၀ဦးနှင့်အထက် နေရာဒေသနှင့်လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ မြန်မာတစ်နိုင်လုံးတစ်ပြေးညီ တစ်နာရီ လျှင် ၆၀၀ ကျပ်နှုန်းဖြင့် တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် ၄၈၀၀ ကျပ်ကို၁၄-၅-၂၀၁၈ ရက်နေ့တွင် ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ပြီးသည့် အခါတိုင်း ဥပဒေနှင့်အကျုံးဝင်သည့် အလုပ်သမားများကို အနည်းဆုံးအခကြေးငွေရရှိခြင်း ရှိ/ မရှိ သက်ဆိုင်ရာမြို့နယ်စစ်ဆေးရေး အရာရှိများက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် စစ်ဆေးကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အနည်းဆုံးအခကြေးငွေ မူဝါဒဆိုင်ရာ လူမှုရေးဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပိုမိုအားကောင်း ခိုင်မာလာစေရန်ဖြစ်ပြီး ပါဝင် ဆက်နွယ်သူအားလုံး၏သဘောထားအမြင်ကို ဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ နည်းဥပဒေ ၂၄ (ဃ) အရ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ကော်မတီများသည် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှင့် စပ်လျဉ်း၍ပြောင်းလဲလာသောအခြေအနေအရပ်ရပ်တို့နှင့်အညီ နှစ်နှစ်လျှင်တစ်ကြိမ်စိစစ်ပြီး ပြင်ဆင် သတ်မှတ်နိုင်ရေး အနည်းဆုံးအခကြေးငွေပြင်ဆင် သတ်မှတ်သင့်သည့်နှုန်းထားများကို အမျိုးသား ကော်မတီထံအကြံပြုတင်ပြရမည်ဖြစ်ကြောင်း၊ အမျိုးသားကော်မတီအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများကို လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေးအခြေအနေ များနှင့် အခြေခံသင့်သည့်အချက်များကို စစ်တမ်းကောက်ယူပြီးစိစစ်တွက်ချက်ခြင်း၊ ပြင်ဆင်သတ် မှတ်ရာတွင် အခြေခံသင့်သည့်အချက်များနှင့်ထည့် သွင်းစဉ်းစားသင့်သည့်အချက်များကို လေ့လာပြီး သတ်မှတ်သင့်သည့်နှုန်းထားများကို အစိုးရ၊ အလုပ် ရှင်၊အလုပ်သမားကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များ အကူအညီဖြင့် လေ့လာစိစစ်ကာအနည်း ဆုံးအခကြေးငွေပြင်ဆင် သတ်မှတ်နိုင်ရေး အကြံပြုချက်များကို အမျိုးသားကော်မတီသို့ပြန်လည် တင်ပြရန်လမ်းညွှန်ခဲ့ကြောင်း၊ အနည်းဆုံးအခ ကြေးငွေပြင်ဆင်သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကောက်ယူနေသည့် ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ် နှစ်စဉ် လုပ်သားအင်အားစစ်တမ်းတွင် အိမ်ထောင်စုများ နှင့် နေထိုင်စားသောက်စရိတ်ဆိုင်ရာအပိုင်းကိုထည့်သွင်း ကောက်ယူစေခဲ့ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ သို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးရာတွင်ရေရှည်လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ အလုပ်သမားများအတွက်အခြေခံ လိုအပ်ချက်များပြည့်မီစေရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်သည့်နိုင်ငံ၏ GDPနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အားဖြစ်စေမည့် အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်နိုင်ရေး ဘက်ပေါင်း စုံကလွှမ်းခြုံစဉ်းစားပြီး ဆွေးနွေးပေးစေလိုကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အနည်းဆုံးအခ ကြေးငွေပြင်ဆင်သတ်မှတ်နိုင်ရန် နိုင်ငံတကာ အတွေ့အကြုံများနှင့်ချိန်ဆပြီး အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များအနေဖြင့် မြန်မာနိုင်ငံ၏အနည်းဆုံး အခကြေးငွေကို ခေတ်နှင့်လျော်ညီအောင် မည်သို့သတ်မှတ်သင့်သည်ကို ပြန်လည်သုံးသပ်ပြီး ဝိုင်းဝန်း ဆွေးနွေးအဖြေရှာမည်ဖြစ်သည့်အတွက်များစွာအကျိုးရှိလိမ့်မည်ဟုယုံကြည်ကြောင်းပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ အနည်းဆုံးအခကြေးငွေ အမြင် သဘောထား၊ ကုန်ထုတ်စွမ်းအားကိုအကဲဖြတ်ခြင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်သည့်ပုံစံနှင့် မူဝါဒ ခေါင်းစဉ်များခွဲ၍ဆွေးနွေးခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။