အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဧပြီ ၁၉ ရက်

မြန်မာနိုင်ငံ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကျန်းမာရေး၊အလုပ်သမားနှင့်သက်သာချောင်ချိရေး ဝန်ကြီးဌာနတို့အကြား နည်းပညာအလုပ်သင် သင်တန်းသားစီမံချက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ၂၀၁၈ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ကနေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစည်းအဝေးခန်းမတွင်လက်မှတ်ရေးထိုးခဲ့ပါသည်။
နားလည်မှုစာချွန်လွှာကို ဂျပန်နိုင်ငံ၊ ဝန်ကြီးဌာန (၃)ခုမှ ဝန်ကြီးများက ၂၀၁၈ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၌လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ကိုယ်စားလှယ်များက သံတမန်နည်းလမ်းဖြင့် နေပြည်တော်သို့ လာရောက်လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်အလို့ငှာ နည်းပညာအလုပ်သင် သင်တန်း သားများစေလွှတ်ရန်နှင့် လက်ခံရန်၊ ဂျပန်နိုင်ငံဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဝန်ကြီးဌာနတို့ အကြား ကတိကဝတ်များချမှတ်ခြင်းအားဖြင့် နည်းပညာအလုပ်သင် သင်တန်းသားစီမံချက်မှတဆင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ နည်းပညာဆိုင်ရာကျွမ်းကျင်မှုများအဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးနိုင်ရန် ရည်ရွယ်၍ ဤနားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။ ထို့အတူ မြန်မာအလုပ်သမားများကို ဂျပန် နိုင်ငံသို့ နားလည်မှုစာချွန်လွှာနှင့်အညီ စနစ်တကျ စေလွှတ်နိုင်မည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံသည် နည်းပညာအလုပ်သင် သင်တန်းသားစီမံချက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအိုနိုင်ငံ၊ မွန်ဂိုးလီးယား နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့နှင့် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံသည်စာချွှန်လွှာ လက်မှတ် ရေးထိုးသည့် နဝမမြောက်နိုင်ငံဖြစ်ပါသည်။
နားလည်မှုစာချွန်လွှာ ကနဦးအကောင်အထည်ဖော် ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံ၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမား နှင့်သက်သာချောင်ချိရေးဝန်ကြီးဌာနတို့ကြားကနဦးအစည်းအဝေးတစ်ရပ်နှင့်ဂျပန်နိုင်ငံသို့အလုပ်သမား စေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် ဆွေးနွေးပွဲတစ်ရပ်ကို မကြာမီကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၊ ဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံ၊ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာန တို့အကြား နည်းပညာအလုပ်သင် သင်တန်းသားစီမံချက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်