ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ Golden Royal Mandalay Services Co.,Ltd မှ Sukhonavason Co., Ltd လုပ်ငန်းခွင်သို့ သွားရောက်စဉ် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် မဲဆောက်မြို့အလွန် တောင်ပေါ်အဆင်းလမ်း၌ ကားဘီးပေါက်၍ ချောက်ထဲကျ သဖြင့် မော်တော်ယာဉ်ပါအလုပ်သမား ၅၁ ဦးအနက် အမျိုးသမီး ၆ ဦးသေဆုံးပြီးအမျိုးသမီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် ကရုဏာကြေးပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ရန်ကင်းမြို့ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုယ်စားလှယ်နဲ့ဌာနဆိုင်ရာ တာဝန်ရှိသူများ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် သေဆုံးဒဏ်ရာရသူ အလုပ်သမားများ၏ မိသားစုဝင်များတက်ရောက်ခဲ့သည်။
ညွှန်ကြားရေးမှူးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် MOU စနစ် ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများယာဉ်မတော်တဆမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့မှုများအတွက် မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းကြောင်း၊ ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ သွားရောက်၍ သေဆုံးသူ အလုပ် သမားများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများအတွက် ဆောင်ရွက်ရန်ကိစ္စ အဝဝကို ထိုင်းနိုင်ငံရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ၁၀-၄-၂၀၁၈ ရက်နေ့ တွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူးဗိုလ်မှူးချုပ် ခင်ဇော်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်သမားသံအရာရှိ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့်မြန်မာအေဂျင်စီ၊ ထိုင်းအေဂျင်စီတို့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ စစ်တိုင်းမှူးဒုတိယဗိုလ်ချုပ်ကြီးဝိကျက်၊ Tak ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သည့်နေရာသို့ ကွင်းဆင်းကြည့်ရှုခြင်း၊ မော်တော် ယာဉ် တိမ်းမှောက်မှုကြောင့် သာမန်ထိခိုက်ဒဏ်ရာရသူများကိုထားရှိသည့် Maetho ရဲစခန်းနှင့် အတွင်းလူနာအဖြစ် ဆေးကုသနေသည့် အလုပ်သမား ၁၂ ဦးရှိရာ Tak ခရိုင်ဆေးရုံသို့ သွားရောက် တွေ့ဆုံအားပေးခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ သေဆုံးသူ အလုပ်သမားများအတွက် ထိုင်းဥပဒေနှင့်အညီ လျော်ကြေးငွေရရှိရေး ညှိနှိုင်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးမျိုးရှောင်ရှားနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ညှိနှိုင်းအကြောင်း ကြားပြီး ဖြစ်ကြောင်းပြောကြားခဲ့သည်။
သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ငွေကျပ် ငါးဆယ့်တစ်သိန်း၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှစ်ဆယ့်လေးသိန်းနှင့် မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ်လေးဆယ့်ကိုးသိန်း ငါးထောင်နှင့် ထိုင်းဘတ်ငွေ ၁၉,၅၀၀၊ Golden Royal Mandalay Services Co.,Ltd မှ ငွေကျပ်ငါးဆယ့်ရှစ်သိန်းအပါအဝင် စုစုပေါင်းကျပ် တစ်ရာ့ရှစ်ဆယ်နှစ်သိန်းငါးထောင်နှင့် ဘတ် ၁၉၅၀၀ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

