ရန်ကုန် စက်တင်ဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်ရှိ Myanmar Rui Xin Shoes Co., Ltd ဖိနပ်ချုပ်စက်ရုံနှင့် Sincerece Season (Myanmar) Garment Co., Ltd အထည်ချုပ်စက်ရုံတို့မှ အလုပ်ရှင်၊ အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမား အဖွဲ့အစည်းဝင်များနှင့် အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး တွေ့ဆုံမှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် ချုပ်ဆိုလုပ်ကိုင်ရန်နှင့် အလုပ်သမားရေးရာဥပဒေများ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနမှ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမား များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်းအကြား အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေရန်အတွက် စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများ၏ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားများအားလုံး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး အတွက် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ရန်၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်ယုံကြည်မှု ရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ စက်ရုံများ အတွင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးမှုအား ကြည့်ရှုအားပေးခဲ့သည်။