နေပြည်တော်၊ မတ် ၆ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဥရောပသမဂ္ဂ၊ European External Action မှ Deputy Managing Director for Asia and Pacific ဖြစ်သူ Mrs. Paola Pampaloni နှင့်အဖွဲ့အား မတ်လ(၆)ရက် ယနေ့နံနက်(၁၀၀၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည် စိစစ်လက်ခံရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ပြည်လည်ဝင်ရောက်လာသူများအတွက် နေထိုင် သွားလာနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်ပေးမည့်အစီအစဉ်၊ နိုင်ငံသားစိစစ် ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပေး ဆောင်ရွက်မှုနှင့် ရခိုင်ပြည်နယ်အတွင်းထုတ်ပေးဆောင်ရွက်မှု၊ NV Card ကိုင်ဆောင်ခြင်းအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက် ပေးမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ IDP Camp များ ပိတ်သိမ်းဆောင်ရွက်မှုနှင့် ပြန်လည်နေချထားရေး ဆောင်ရွက်မှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် UNHCR နှင့် UNDP တို့နှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂ နိုင်ငံများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)

