အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                              အောက်တိုဘာ ၂၇

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ တိုင်းဒေသကြီး ဦးစီးမှူးများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းဖြစ်သည့်  Myanmar Worker Management Services Training Center နှင့် မင်္ဂလာဒုံမြို့နယ်ရှိ Moe Moe Family Services Vocational Training Center သို့ ရောက်ရှိ၍ ဂဟေဆက်သင်တန်း၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာသင်တန်း၊ အခြေခံအထည်ချုပ် နှင့် အဆင့်မြင့်အထည်ချုပ်သင်တန်းများ ဖွင့်လှစ်ပို့ချမှုများကို ကြည့်ရှုအားပေးခဲ့သည်။

          အဆိုပါ Training Center များသို့ သွားရောက်ကြည့်ရှုရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော သင်တန်းကျောင်းများကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိရာ လက်ရှိ ကာလထိ ဦးစီးဌာနအသိအမှတ်ပြုသင်တန်းကျောင်း (၂၅) ကျောင်းနှင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု သင်တန်းကျောင်း (၁၁) ကျောင်းရှိကြောင်း၊

 သင်တန်းကျောင်းများအနေဖြင့် အရည်အသွေး ပြည့်မီသည့် သင်ထောက်ကူပစ္စည်းများ အသုံးပြုရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်ကာလနှင့်အညီ လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရေး စဉ်ဆက်မပြတ် စိစစ်သုံးသပ်ဆောင်ရွက်ရန်လိုကြောင်း၊ စာတွေ့/လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေးပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချမှသာ သင်တန်း ဆင်းများအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ချိန်တွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့် အမျိုးသားအဆင့် အသိအမှတ်ပြုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး NSSA အသိအမှတ်ပြုသင်တန်းကျောင်းဖွင့်လှစ်၍ ဌာနနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊

          သင်တန်းသားများကို အသိပညာ၊ စည်းစနစ်ရှိမှု၊ သေသပ်စွာ လုပ်ကိုင်တတ်သည့် အလေ့ အကျင့်ကောင်းများအား လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်ရေး ကောင်းစွာပို့ချပေးစေလို ကြောင်း၊ စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေးပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချပြီး သင်တန်းဆင်းများကို လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး ချိတ်ဆက်ပေးမှုကို အလေး ထားဆောင်ရွက်ပေးရန်နှင့် NSSA မှ အလုပ်အကိုင် (၃၉)မျိုးအတွက် ကျွမ်းကျင်လုပ်သား (၂၄,၀၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီး နှစ်အလိုက် အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သားများကို စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက်မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲမှ ကျွမ်းကျင်လုပ်သားများ အဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး လမ်းညွှန်မှာကြားချက် နှင့်အညီ သင်တန်းကျောင်းများမှ  သတ်မှတ်အရည်အချင်းကိုက်ညီ၍ စစ်ဆေးအကဲဖြတ်ပြီး သင် တန်းဆင်းရသည့်အချိန် မိမိတို့ ရရှိထားသည့် ကျွမ်းကျင်မှုအဆင့်နှင့် တင်းတိမ်ရောင့်ရဲခြင်း မရှိဘဲ အနာဂတ်ဘဝ တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် မှ လုပ်သားများ၏ လူနေမှုဘဝမြင့်မားစေရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ပေးနေမှုကို ကောင်းစွာသိရှိနားလည်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ စွမ်းအားရှိသရွေ့ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဂုဏ်ယူနိုင်ရေး မှာကြား ခဲ့သည်။

Myanmar Worker Management Services Training Center တွင် အခြေခံအထည်ချုပ်၊ ဂဟေဆက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းများကို သင်တန်း (၁) ကြိမ်လျှင် သင်တန်းသား (၂၀) ဦးဖြင့် ၂၁ ရက်ကြာ ပို့ချပေးလျက်ရှိရာ ထပ်မံ၍  သင်တန်းသား ၂၀၀ ဦးခန့် မွေးထုတ်ပေးရန်ရှိပြီး Moe Moe Family Services Vocational Training Center တွင် အခြေခံအထည်ချုပ်နှင့် အဆင့်မြင့်အထည်ချုပ်များကို သင်ကြားပေးလျက်ရှိ၍ သင်တန်း (၁) ကြိမ် လျှင် သင်တန်းသား (၂၅) ဦးဖြင့် သင်တန်းကာလ (၁) လခွဲပို့ချကာ ထပ်မံ၍ သင်တန်းသား (၃၀၀) ဦးခန့် မွေးထုတ်ပေးရန်ရှိကြောင်း သိရသည်။