အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဧပြီ လ ၉ ရက်

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရStars Pioneer Co.,Ltd၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံရှိTomy(Thailand) Company လုပ်ငန်းခွင်သို့ သွားရောက်စဉ် ၂၀၁၈ခုနှစ်မတ်လ ၃၀ ရက်နေ့၌ မဲဆောက်မြို့အလွန် တောင်ပေါ်အဆင်းလမ်းတွင် မော်တော်ယာဉ်မီးလောင်ကျွမ်းခဲ့သဖြင့် မော်တော်ယာဉ်ပါအလုပ်သမား၂၀ဦးမီးလောင်သေဆုံးခဲ့ပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု အတွက် ကရုဏာကြေး ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် ၅၁၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သေဆုံးသူအလုပ်သမားများ၏ မိသားစုဝင်များ၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အလုပ်သမားများယာဉ်မတော်တဆမှုဖြင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများအတွက် အလုပ်သမားများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းပါကြောင်း၊ အလုပ်သမားများသည် မြန်မာ-ထိုင်းနှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် MOU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများဖြစ်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားချိန်ကပင် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများက ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ သွားရောက်ကာ သေဆုံးသူ အလုပ်သမားများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများအတွက် ဆောင်ရွက်ရန်ရှိသည့် ကိစ္စအဝဝကို ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများသည် ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့မှ သံဃာတော်များကိုပင့်ဖိတ်၍ပရိတ်တရားနာခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ သေဆုံးသူများရဲ့ DNA စစ်ဆေးနိုင်ရေးတို့ကို ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အလုပ်သမားများကိုစေလွှတ်ခဲ့သည့် Stars Pioneer Co.,Ltd က သေဆုံးသူ အလုပ်သမားတစ်ဦးကိုငွေကျပ် ၁၀ သိန်းစီနှင့် Migrant Workers Rights Network, အနှိုင်းမဲ့နာရေးကူညီမှုအသင်းနှင့် မဟာကရုဏာစာကြည့်တိုက်တို့မှ တစ်ဦးလျှင် ငွေကျပ် ၆၉၀၀၀ စီပေးအပ် ခဲ့ကြောင်း၊ သေဆုံးသူအလုပ်သမားများအတွက် လျော်ကြေးငွေရရှိရေးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင်ယခုကဲ့သို့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးမျိုး ရှောင်ရှားနိုင်ရေး အလုပ်သမားများခေါ်ယူရာမှာ လုံခြုံမှုရှိသော မော်တော်ယာဉ်များအသုံးပြုရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ညှိနှိုင်းအကြောင်းကြားထားကြောင်း၊ ပြောကြားခဲ့ပါသည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စုစုပေါင်းငွေကျပ် ရှစ်ဆယ့်ရှစ်သိန်း တစ်သောင်းငါးထောင်တိတိ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှငွေကျပ်ခြောက်ဆယ့်သုံးသိန်းတိတိနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်မှ ငွေကျပ် ရှစ်ဆယ့်နှစ်သိန်းငါးသောင်းတိတိတို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။