အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ အလုပ်သမားများ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး MoU စနစ်ဖြင့် တရားဝင်အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စေလွှတ်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့သည့်  ၁၈-၃-၂၀၂၀ ရက်နေ့ မတိုင်မီအထိ မြန်မာအလုပ်သမား ၉၁၅,၉၈၀ ဦး စေလွှတ်ခဲ့ပြီး ဖြစ်ပါသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို နှစ်နိုင်ငံညှိနှိုင်း၍ ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၁၀-၅-၂၀၂၂ ရက်နေ့ တွင် အလုပ်သမား ၂၈၇ ဦးအားလည်းကောင်း၊ ၁၁-၅-၂၀၂၂ ရက်နေ့တွင် အလုပ်သမား ၃၀၁ ဦး အားလည်းကောင်း မြဝတီ – မဲဆောက်မြို့မှတစ်ဆင့် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် အဆင် ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရေး စေလွှတ်ခဲ့ပြီးဖြစ်သည့်အပြင် MoU စနစ်ဖြင့် တရားဝင် အလုပ်သမားများ စေလွှတ် မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် တရားဝင်သတ်မှတ်ထားသည့် ပြည်ပ အလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှမဟုတ်ဘဲ တရားမဝင် ပို့ဆောင်သူ/ ပွဲစားများမှ တစ်ဆင့် သွားရောက်လုပ်ကိုင်နေသည့် မြန်မာ အလုပ် သမားများသည် ငွေကြေးများ အဆမတန် ပေးနေရသည့်အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် တရားမဝင် နေထိုင် လုပ်ကိုင်ရခြင်း၊ အလုပ် သမား အကျိုးခံစားခွင့် အပြည့်အဝ မရရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ဝင်ရောက်စစ်ဆေးချိန်တွင် တရားမဝင် လုပ်ကိုင်နေရခြင်းကြောင့် ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

          ထိုသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုမှာ ကန်ချနဘူရီပြည်နယ်၊ စိုင်းရို့ခရိုင်ရဲစခန်းတွင် ၉၀ ဦးဖြစ်ပြီး မော်တော်ယာဉ် တိမ်းမှောက်ခဲ့မှု များမှာ ထိုင်းနိုင်ငံရှိ ဖိုးဖရခရိုင်တွင် ၁ ကြိမ်၊ တာ့ခရိုင်၊ ဝမ်ကျောက်မြို့နယ်တွင် ၁ ကြိမ်၊ အယုဒ္ဓယခရိုင်၊ မဟာရတ်မြို့နယ်တွင် ၁ ကြိမ်၊ အမှတ်၂၃ လမ်းမကြီး၊ သွန်ဖာဖမ်ခရိုင်တွင် ၁ ကြိမ်၊ ကန်ချနဘူရီပြည်နယ်တွင် ၁ ကြိမ်၊  ပကျွတ်ခီလီခံ ပြည်နယ်တွင် ၁ ကြိမ် ဖြစ်ပွားခဲ့မှုများကြောင့် ၎င်းယာဉ်များ ပေါ်တွင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၁၉ ဦး သေဆုံးခဲ့ပါသည်။

          ထို့ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေ ဖြင့် တရား မဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက် မှုများ အပြည့်အဝ မရရှိခြင်းနှင့် အခြားသော လူ့အခွင့် အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင် သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ပြည်ပသို့ တရားဝင်သွားရောက် လုပ်ကိုင် ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင် နိုင်မည်ဖြစ်ပါသည်။

          ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက် များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများစာရင်းအား အလုပ်သမား ဝန်ကြီး ဌာန၏ Website www.mol.gov.mm ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တွင်သာမက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံး များသို့ ဆက်သွယ်မေးမြန်းစုံစမ်းခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော် ဖုန်း  ၀၆၇- ၄၃၀၁၈၃ ၊  ၀၆၇- ၄၃၀၂၈၄ တို့အား ဆက်သွယ်ခြင်းဖြင့် သတင်း အချက်အလက်များ ရရှိနိုင်ပါသည်။