အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               ဇန်နဝါရီ ၃၁

MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ်အကိုင်လုပ်ငန်းရှင်များအသင်း (MOEAF) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စေရေးအတွက် အလုပ်ခေါ်စာ များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ Online စနစ်ဆောင်ရွက်ရာတွင် မူလက email တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်ရှုပ်ထွေးမှု မရှိစေရေး email လိပ်စာများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ စောင်ရေ ၁,၁၂၆ စောင် အလုပ်သမား ၃၆,၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊

ထိုင်းနိုင်ငံ၊ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အလုပ်သမားများကို ထိုင်းနိုင်ငံသို့ စေလွှတ်နိုင်ရေး ခရီးသွားလာမှု အခက်အခဲဖြစ်နေသည့်အတွက် အေဂျင်စီများမှ မိမိအစီအစဉ်ဖြင့် အလုပ်သမားများကို မြဝတီမြို့သို့ ပို့ဆောင်မှုများရှိနေပြီး မြဝတီမြို့သို့ ရောက်ရှိ နေသည့် အလုပ်သမားများနစ်နာမှုမရှိစေရေး စေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့်ပြု ပေးခဲ့ကြောင်း၊

ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် မြဝတီ-မဲဆောက် လမ်းကြောင်းသည် အခက်အခဲများရှိသည့်အတွက် ဝန်ကြီးအနေဖြင့် အလုပ်သမားများကို ရန်ကုန်-ဒွန်မောင်း လေကြောင်းလိုင်းဖြင့် ပို့ဆောင်နိုင်ရေး ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးထံ ညှိနှိုင်းခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ သဘောတူညီခဲ့သည့်အတွက် အလုပ်သမားများကို လေကြောင်းမှ စေလွှတ် ခွင့်ပြုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအသင်း (MOEAF) မှ တာဝန်ရှိသူများ နှင့် ထိုင်းလုပ်ငန်းကော်မတီခေါင်းဆောင်များမှ မြန်မာဘက်ခြမ်း ဝန်ဆောင်ခ တိုးမြှင့်ပြောင်းလဲ သတ်မှတ်ပေးနိုင်ရေး တင်ပြခြင်းနှင့် MoU လုပ်သားစေလွှတ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။