နေပြည်တော် စက်တင်ဘာ ၆
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကနောင်ခန်းမ၌ အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်သမားအဖွဲ့အစည်းဝင်များ နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၃ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ မြို့နယ် အလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့၊ တိုင်းဒေသ ကြီး/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ် ၁ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ ၁ ဖွဲ့၊ စုစုပေါင်း ၃၀၄၂ ဖွဲ့တို့အား အသိ အမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေများတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို အလုပ်ရှင်၊ အလုပ်သမားများ ကျယ်ပြန့်စွာသိရှိနိုင်စေရေးအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှစ၍ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (Pamphlet) နှင့် စက်ရုံ၊ အလုပ်ရုံများတွင် ကပ်ထားရန် ကြော်ငြာစာများကို အလုပ်ရှင်၊ အလုပ်သမားများထံသို့ ၂၀၂၄ ခုနှစ်၊ မေလမှစတင်၍ ဖြန့်ဝေ လျက်ရှိပါကြောင်း၊
အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မိခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား(National Complaint Mechanism-NCM)ကို ၂၀၁၉ ခုနှစ်မှစ၍ ထူထောင် ရေးဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသား အဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီ တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာ့နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဓမ္မခိုင်းစေမှုများကို လုံခြုံလွတ်လပ်စွာဖြင့် တိုင်ကြား နိုင်သည်ကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေးအတွက် ၂၀၁၉ ခုနှစ်မှစတင်၍ နိုင်ငံပိုင် မီဒီယာများနှင့် နေ့စဉ်ထုတ်သတင်းစာအသီးသီးတို့တွင် ကြော်ငြာစာများထည့်သွင်းခဲ့ပါကြောင်း၊ ယခုထပ်မံ၍ ၂၂-၈-၂၀၂၄ ရက်နေ့မှစတင်၍ နိုင်ငံပိုင်မီဒီယာများနှင့် နေ့စဉ်ထုတ် သတင်းစာ အသီးသီးတို့တွင် ထည့်သွင်းကြော်ငြာခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားချက်များကို လက်ခံဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အလုပ်သမားအဖွဲ့အစည်းများမှ သိရှိလိုသည် များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Myanmar & Worldwide Serviecs Co., Ltd သို့ သွားရောက်၍ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမား များကို ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များ၊ ကြီးကြပ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ စေလွှတ်ရေး လုပ်ငန်းစဉ် များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဂျပန်နိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများအတွက် ဂျပန်ဘာသာစကားနှင့် လုပ်ငန်းခွင်ဝင်ရောက်မှုတွင် အခက်အခဲမဖြစ် စေရေး လုပ်ငန်းခွင်အကြို လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်သမားများ လုပ်ခလစာအချိန်မီရရှိနိုင်ရေး၊ အလုပ်သမား ရေးရာအငြင်းပွားမှုများအား ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည် မျှော်မှန်းချက်များချမှတ်၍ တည်ငြိမ်အေးချမ်းသည့်လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော် ကောင်းမွန်သည့်အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေးစသည့်ရည်မှန်းချက် (၉) ရပ်ဖြင့် လုပ်ငန်းတာဝန်များကိုအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားလျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့် အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက် ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံ အတွင်း ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ပြီး အလုပ်ရှင်များမှ ကြုံတွေ့နေရသည့်အခက်အခဲများကို သုံးပွင့်ဆိုင် လက်တွဲ၍ နိုင်ငံကုန်ထုတ် စွမ်းအားမြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။