နေပြည်တော် စက်တင်ဘာ ၅
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီဖြစ်သည့် VDM Co., Ltd သို့ သွားရောက်၍ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား မိသားစု လွှဲပို့ငွေ ၂၅ % တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေး၊ ထိုင်းနိုင်ငံ၏ ဥပဒေများ၊ ယဉ်ကျေးမှုများနှင့် လုပ်ငန်းခွင်အတွင်း လိုက်နာရမည့် စည်းကမ်းများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့်စပ်လျဉ်း ၍ လုပ်ငန်းခွင်အကြိုသင်တန်း သင်ကြားပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Myanmar Longsheng Fashion Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ ကျန်းမာရေးတာဝန်ခံများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုလျော့နည်းကျဆင်းစေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ အလုပ်သမားများ လုပ်ငန်းခွင်စည်းကမ်း လိုက်နာစေရေး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်(EC) ကို အလုပ်သမား ၅ ဦးနှင့် အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် EC စာချုပ် ချုပ်ဆိုဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် အလုပ်သမားများ၏ တိုင်ကြားစာများနှင့်ပတ်သက်၍ တိုင်ကြားမှုယန္တရားနှင့်အညီ တည်ဆဲ ဥပဒေများအရ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူး များနှင့် မြို့နယ်တာဝန်ခံအရာရှိများက တိုင်ကြားသူနှင့် တိုင်ကြားခံရသူများအား ခေါ်ယူညှိနှိုင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုလျော့နည်းပပျောက်စေရေး၊ တည်ဆဲအလုပ် သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေခြင်းတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး စက်ရုံတွင်းအလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရပါသည်။



