အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               ဒီဇင်ဘာ ၂၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နေ့လယ်ပိုင်းတွင် ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးရေးစခန်းများတွင် သွားရောက်တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများမှ ဩဝါဒခံယူ ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း တင်သွင်းထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၉ သိန်းနီးပါးခန့်အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) နှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးနိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး ချက်အရ CI ထုတ်ပေးနိုင်ရေး စခန်း (၅) ခုနှင့် Mobile Unit (၃) ခု ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား CI နှင့် OWIC ထုတ်ပေးရခြင်းမှာ တရားဝင် အလုပ် လုပ်ကိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ထုတ်ပေးရခြင်းဖြစ်ပြီး ထို့သို့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိပါက အလုပ်သမားအခွင့် အရေးများ အပြည့်အဝ ရရှိခြင်း၊ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိခြင်း၊ ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာရရှိခြင်း စသည့်အခွင့်အရေးများရရှိမည်ဖြစ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံတွင် တာဝန်ပေးအပ်ထားသည့် အလုပ်သမားသံအရာရှိများမှ အဆိုပါ အလုပ်သမားများ၏ ပြဿနာ များကူညီဖြေရှင်းပေးရာတွင် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် CI နှင့် OWIC ပြုလုပ်မည့် အလုပ်သမားများသည် ၎င်းတို့ရရှိသည့် လုပ်ခလစာများထဲမှ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စေတနာထား၍ ဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့၏လုံခြုံရေးအား ဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင် ပေါ့ဆမှုကြောင့် စက်ပစ္စည်းများ နှင့် Consumable ပစ္စည်းများပျက်စီးခြင်း မဖြစ်စေရေး၊ သုံးစွဲရမည့် စက်ပစ္စည်းများ အစဉ်ကောင်းမွန်နေစေရေး၊ စက်ပစ္စည်းများ သတ်မှတ် နှုန်းထားများအတိုင်း ထွက်ရှိစေရေးနှင့် သုံးစွဲမှုမျာအား စနစ်တကျမှတ်ပုံတင်နိုင်ရေးအလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး အခက်အခဲရှိပါကလည်း အဆင့်ဆင့်တင်ပြသွားရန်လိုအပ်ကြောင်း၊

တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအချင်းချင်း နိုင်ငံ့ဝန်ထမ်း စိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာ စေတနာ၊ ကရုဏာထား၍ ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံဂုဏ်ကို ဆောင်ရမှာဖြစ်သည့်အပြင် နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့အား ကိုယ်စားပြုသွားရောက်ခြင်း ဖြစ်သည့်အတွက် မိမိနိုင်ငံနှင့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆိုများကို ဆင်ခြင်ထိန်းသိမ်းကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့က တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား လိုအပ်သည်များမှာကြား ခဲ့သည်။ ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ CI စာအုပ် ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။