ရန်ကုန် နိုဝင်ဘာ ၂၅ ။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ရုံးခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ရုံးခွဲတာဝန်ခံများအား တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများအကျိုးကို ရှေးရှု၍ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၊ အစိုးရနှင့် နိုင်ငံသားများ၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ကျင့်ကြံနေထိုင်ရန်နှင့် နိုင်ငံတော်က ချမှတ် ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များအောင်မြင်စေရန် မိမိတို့ကျရာတာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံ မှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်၍ မိမိတို့ပါဝင်လုပ်ဆောင်ရသည့် ဌာန၏ အဓိကလုပ်ငန်းတာဝန် များကို စိတ်စေတနာကောင်းများဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်သွားရန် လိုအပ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ယင်းသို့ လိုက်နာဆောင်ရွက်ရင်း မိမိ၏လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းဖြင့် မိမိဝန်ကြီးဌာန၏ လုပ်ငန်းများ၊ ရည်မှန်းချက်များ ပိုမိုအောင်မြင်ပြီး နိုင်ငံတော်အတွက်ကောင်းမွန်သည့် အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာတွင် စိတ်ရှည် သည်းခံပြီး ချေငံစွာဆက်ဆံရန်နှင့် တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု လုပ်ခြင်းများ၊ အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဝန်ထမ်းများအချင်းချင်း စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရုံးခွဲတာဝန်ခံများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးတွင် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိက ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) စိစစ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့သည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ် သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစုတွင်လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) တွင်လည်းကောင်း ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ဖြင့်ပြန်လာသူ များကို လည်းကောင်း OWIC ပြုလုပ်ပေးလျက်ရှိရာ ထိုင်းနိုင်ငံသို့ ၁,၁၁၀,၅၉၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၂,၀၃၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၄,၃၆၄ ဦး၊ ဂျပန်နိုင်ငံသို့ ၆၀,၀၁၃ ဦး၊ မလေးရှားနိုင်ငံသို့ ၃၈၅,၅၆၆ ဦးအပါအဝင် ပြည်ပနိုင်ငံ ၉၃ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁,၆၈၄,၉၃၄ ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။