အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                           စက်တင်ဘာ ၄

          အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်း(MOEAA) ၏ အမှုဆောင်ကော်မတီအသစ်အား လက်ခံတွေ့ဆုံခဲ့သည်။

          အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ-၁၊ ဒုတိယဥက္ကဋ္ဌ-၂ ၊ အထွေထွေအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)၏ ၂၀၂၄-၂၀၂၅(၂)နှစ်သက်တမ်းအတွက် အသင်းသား အေဂျင်စီများမှ ယုံကြည်အားကိုးပြီး ဆန္ဒမဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်သည့် အမှုဆောင်ကော်မတီဝင် များအနေဖြင့် အသင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များ၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာပြီး ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရအေဂျင်စီများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင်ဦးဆောင်ပြီး စည်းရုံးကြရန်လိုအပ်ပါကြောင်း၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး လုပ်ငန်းများ အောင်မြင်လာ ရန်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ် ပါကြောင်း၊

          ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်ရေး လုပ်ငန်းစဉ်များအတွက် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်နှင့် (ထိုင်း)လိုင်စင်လျှောက်ထားလာမှုတို့အား စိစစ်ထုတ်ပေးလျက် ရှိရာ ၇-၈-၂၀၂၄ ရက်နေအထိ လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၅၇၀ ခုနှင့်(ထိုင်း) အေဂျင်စီ ၁၆၆ ခုရှိပါကြောင်း၊

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ မိသားစုလွှဲပို့ငွေများကို တရားဝင်လွှဲပြောင်းပေးပို့နိုင်ရေးအတွက် ၁-၉-၂၀၂၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့် ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားချုပ်ဆိုသော စာချုပ်တွင် “အလုပ်သမားသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး  ၂၅ % ကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ်စနစ် ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့်ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅% သို့မဟုတ်      အများဆုံး ၃ လလျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ % ကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပါမည်”ဟု ပါဝင်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA) ၏ အမှုဆောင်ကော်မတီများနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် များက ဆွေးနွေးတင်ပြမှုများအား ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့မှုအပေါ် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် မိမိတို့နိုင်ငံသားများ၏ အကျိုးကိုရှေ့ရှုပြီး စေတနာထားဆောင်ရွက်ပေးကြရန်၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ထူးခြားဖြစ်စဉ်များကို ဦးစီးဌာနနှင့် ဝန်ကြီးဌာနသို့ အချိန်မီတင်ပြပေး ကြရန်နှင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်၊ မိသားစုလွှဲပို့ငွေများအား ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အောင်မြင်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။