ရန်ကုန် အောက်တိုဘာလ ၁။ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ၃၀-၉-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံးတွင် (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်း ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းရဲဇော်က အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းတွင် WCC အဖွဲ့ဝင်များအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သည့်ဥပဒေများနှင့် နည်း ဥပဒေများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် (EC)စာချုပ်ချုပ်ဆိုခြင်း၊ အလုပ်သမား ဥပဒေပါ လျော်ကြေးနှုန်းထားများ၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၊ ဦးစီးအရာရှိက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် စပ်လျဉ်း သည့် သိကောင်းစရာများ၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ လူမှုဖူလုံရေး ထည့်ဝင်ကြေး နှုန်းထားများနှင့် ငွေကြေးအကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ဦးစီးအရာရှိက စည်းကြပ်လျက်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများ၊ အလုပ်ချိန်အကျုံးဝင် သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေးတွက်ချက်မှုများနှင့် အများပြည်သူ အလုပ်ပိတ်ရက်နှင့်စပ်လျဉ်းသည့် သိကောင်းစရာများကိုလည်းကောင်း၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများပါ သိမှတ်ဖွယ်ရာများ၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များ၊ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များပါ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။
WCC အဖွဲ့ဝင်များအနေဖြင့် စွမ်းရည်မြှင့်သင်တန်း တက်ရောက်ခြင်းဖြင့် ဥပဒေပါအကျိုး ခံစားခွင့်များကိုသိရှိကာ အငြင်းပွားမှုများကို WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်ခြင်း၊ သက်ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကို တင်ပြကာ နှစ်ဖက်လိုလားချက်များကို ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ (၂၈)ရုံမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၆၁)ဦး တက်ရောက် ခဲ့ရာ (၁၆:၀၀)နာရီအချိန်တွင် သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

