မန္တလေး ဇူလိုင် ၂၈။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ဇူလိုင်လ ၂၈ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင် မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင် တန်းတွင် ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများပါ သိမှတ် ဖွယ်ရာများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက အုပ်စုဖွဲ့၍ အငြင်းပွားမှုများကို လက်တွေ့ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။
WCC အဖွဲ့ဝင်များအနေဖြင့် စွမ်းရည်မြှင့်သင်တန်းတက်ရောက်ခြင်းဖြင့် ဥပဒေပါအကျိုး ခံစားခွင့်များကိုသိရှိကာ အငြင်းပွားမှုများကို WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်ခြင်း၊ သက်ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကိုတင်ပြကာ နှစ်ဖက်လိုလားချက်များကို ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သောလုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ကျောက်ဆည်မြို့နယ် စည်းကြပ်နယ်မြေရှိ စက်ရုံ၊ အလုပ်ရုံ (၂၁)ရုံမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၄၆)ဦး တက်ရောက် ခဲ့ရာ သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး (၁၆:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

