အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း 

(က)    လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများအား ကာကွယ်တားဆီး နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်း သိရှိပါက အမြန်ဆုံး သွားရောက်စုံစမ်းစစ်ဆေးခြင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

(ခ )    အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၂၆-၁၂-၂၀၂၃ ရက် နေ့ထိ အလွန်ပြင်းထန် (၃)မှု၊ သေဆုံး (၁) မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။

၂။       လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း။   လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု နှင့်သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေးကော်မတီများကို  ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက် ခဲ့ရာ ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၂၆-၁၂-၂၀၂၃ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၃၁) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

၃။      လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။      ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ‌မကွေးတိုင်းဒေသကြီး၊  နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဆူညံသံနှင့် အလင်းရောင်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာ တိုင်းတာလျက် ရှိရာ ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၂၆-၁၂-၂၀၂၃ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ (၇၀) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၃၅) ရုံတွင် သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၂၃) ရုံတွင် သတ်မှတ်ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက် များ ထုတ်ပြန်ခဲ့ပါသည်။

၄။      သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။ ဦးစီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့်အလုပ်သမား များအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချ ပေးလျက်ရှိရာ ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၂၆-၁၂-၂၀၂၃ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၄) ကြိမ်၊ ပဲခူးတိုင်းဒေသ ကြီးတွင် (၂) ကြိမ်နှင့် နေပြည်တော် ကောင်စီနယ်မြေတွင် (၁) ကြိမ်၊ စုစုပေါင်း (၇) ကြိမ်၊ အလုပ်သမား (၁၇၅) ဦး အား သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။  

၅။      ပြည်ပဆေွးနွေးပွဲများ တက်ရောက်ခြင်း

(က)    ၂၀၂၃ ခုနှစ်၊  ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပ ပြုလုပ်သည့် “အာဆီယံ-တရုတ် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်” သို့ ညွှန်ကြားရေး မှူးချုပ် ဦးတင်ကိုကိုနှင့် လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ငြိမ်းမိုးရွှေနှင့် ဒေါ်ခိုင်ဝင့်မော် တို့က In Person နည်းလမ်းဖြင့် တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။

(ခ )    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့တို့တွင် အင်ဒိုနီးရှားနိုင်ငံမှ ဦးဆောင်၍ Hybrid နည်းလမ်းဖြင့် ကျင်းပပြုလုပ်သည့် “(၃) ကြိမ်မြောက် အာဆီယံ အလုပ်သမားရေးရာစစ်ဆေးရေး ကော်မတီအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ အလုပ်သမားရေးရာစစ်ဆေးရေး ညီလာခံ” သို့ လက်ထောက် ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးစိုးညီညီနှင့် ဒေါ်ချောဂျူလိုင်မြင့်တို့က Virtual နည်းလမ်းဖြင့် တက်ရောက်ခဲ့ပါသည်။