အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ။၁၉-၂-၂၀၂၆

၁။      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သံဒင်းလမ်း၊ အမှတ် ၇၅ ရှိ Rainbow Tex Co.,Ltd အထည်ချုပ်စက်ရုံရှိ Line 3  ဌာနတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်သမား မဆွေဆွေသက်ပါ ၃ ဦးမှ အလုပ်ရှင်သည် အစိုးရမှအမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းထားသော ထောက်ပံ့ကြေးငွေပေးချေရန် ပျက်ကွက်သဖြင့် ၂-၆-၂၀၂၅ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန(မြို့နယ်ရုံး)ရွှေပြည်သာသို့ တိုင်ကြားလာခြင်းအပေါ် လုပ်ငန်းရှင်မှ ဥပဒေနှင့်အညီ အစိုးရ ထောက်ပံ့ကြေး ၂၀၀၀ ကျပ် တိုးပေးခဲ့သဖြင့် အလုပ်ရှင်၊ အလုပ်သမား ပြေလည်မှုရရှိပြီးဖြစ်ပါသည်။

၂။       ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်း အမှတ် ၁၄၄ ရှိ Dong Sheng Xing Co.,Ltd စက်ရုံတွင် မယမင်းမြတ်ပါ ၁၀ ဦးမှ အလုပ်မှ     ထုတ်ပယ်ခံရ၍ ဖြေရှင်းပေးပါရန် ၄-၇-၂၀၂၅ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ရွှေပြည်သာသို့ တိုင်ကြားခဲ့ခြင်းအပေါ် စက်ရုံမှ မယမင်းမြတ်နှင့် မဝေဝေနိုင်တို့ ၂ ဦး သည် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် EC စာချုပ် နောက်ဆက်တွဲ (ခ)၊ အပိုဒ် (၃) အရ အလုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး ကျန် (၈) ဦးမှာ (၇-၇-၂၀၂၅) ရက်နေ့မှ (၁၄-၇-၂၀၂၅) ရက်နေ့ အထိ (၈) ရက်ဆက်တိုက်ပျက်ကွက်၍ EC စာချုပ်  နောက်ဆက်တွဲ(ခ) ၊ အပိုဒ်(၁၃) အရ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ကို တာဝန်ခံအရာရှိမှ ဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။

၃။      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ မင်းဗန္ဓုလမ်းနှင့် ဝန်ဆောင်မှုလမ်းကြား အမှတ် ၁၃၈ ရှိ GTIG-2 Co.,Ltd စက်ရုံတွင် အလုပ်သမား ဒေါ်စုစုဝေမှ အလုပ်မှထုတ်ပယ်ခံရ၍ ၁၄-၇-၂၀၂၅ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ရွှေပြည်သာသို့ တိုင်ကြားခြင်းအပေါ် စက်ရုံမှ EC စာချုပ် နောက်ဆက်တွဲ(ခ)၊ အပိုဒ်(၁၃) နှင့်အညီ ခွင့်မဲ့(၃)ရက် ပျက်ကွက်၍ အလုပ်မှ ရပ်စဲခဲ့ခြင်းကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ခံအရာရှိမှ ဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။

၄။      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ မဟာမြိုင်လမ်း၊ အမှတ် ၄၉/၁၃၅ ရှိ True Green City Co.,Ltd (ကော်စေ့စက်ရုံ) တွင် အလုပ်သမား ဦးစန်းလင်းအောင်ပါ ၄ ဦး တို့သည် အလုပ်မှထုတ်ပယ်ခံရ၍ ၂၃-၇-၂၀၂၅ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)ရွှေပြည်သာသို့ တိုင်ကြားခြင်းအပေါ် လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်သည့်ကိစ္စနှင့် ပတ်သက်၍ အလုပ်ရှင်မှ EC စာချုပ်ပါ နောက်ဆက်တွဲ(ခ)၊ ကြီးလေးသော ပြစ်မှု အပိုဒ် (၆) အရ ဦးစန်းလင်းအောင်၊ ဦးကောင်းထက်ဇော်၊ ဦးချစ်ဦးနှင့် ဦးဇင်မျိုးအောင်တို့အား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ခံအရာရှိမှ ဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။

၅။      ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ရေပြာလမ်း၊ အမှတ် ၃၉/၁၂၃ ရှိ Kingsrich Co.,Ltd အထည်ချုပ်စက်ရုံတွင် မထက်ထက်မိုးသည် စက်ရုံမှ ၎င်းအား လိုင်းဌာန ရွေ့ပြောင်းခြင်းနှင့် ခွဲခြားဆက်ဆံခြင်းအပေါ် ကျေနပ်မှုမရှိ၍ ဖြေရှင်းပေးပါရန် ၂၃-၇-၂၀၂၅ ရက်နေ့ တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး)ရွှေပြည်သာသို့ တိုင်ကြားခြင်းဖြစ်ပြီး တာဝန်ခံ အရာရှိမှ အလုပ်ရှင်၊ အလုပ်သမားတို့အား ညှိနှိုင်းပေးခဲ့ပြီး ပြေလည်မှုရရှိခဲ့ပြီးဖြစ်ပါသည်။

၆။      သို့ပါ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်တည်မြဲစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

အလုပ်သမားဝန်ကြီးဌာန