အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် နိုဝင်ဘာ ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား တရားဝင်အလုပ်အကိုင် ရရှိရေးနှင့် တရားမဝင်သွားရောက်မှု လျော့နည်းပပျောက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေး၊ ကာကွယ်စောင့်ရှောက်မှုတိုးမြှင့်ရေးနှင့် သတင်းအချက် အလက်များ စုဆောင်းနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်ပဆိုက်ရောက်၊ထွက်ခွာနေရာတို့၌ ဖွင့်လှစ်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား များ သတင်းပို့နေရာ(Myanmar Migrant Workers’ Reporting Counter)များတွင် ပြည်ပနိုင်ငံ များသို့ Job Passport(PJ) ကိုင်ဆောင်ထွက်ခွာမည့်သူများအား ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ကိုင်ဆောင်မှု ရှိ-မရှိ နှင့် ယင်းကတ်ပြားအား အတုအစစ်ခွဲခြားစစ်ဆေးမှု ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို စစ်ဆေးကြည့်ရှု၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ ဆေးရုံကြီးပရဝုဏ်နှင့် ဝန်ထမ်းအိမ်ရာများ၏ သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းသာယာရေး ဆောင်ရွက် ထားရှိမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပါသည်။