အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သို့ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် ကတည်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် (ကွန်ဗင်းရှင်း ၈၇)၊ အဓမ္မခိုင်းစေမှုပပျောက်ရေး (ကွန်ဗင်းရှင်း ၂၉) ၊ အလုပ်လုပ်ကိုင် နိုင်သည့် အငယ်ဆုံးအသက်သတ်မှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၁၃၈) နှင့် ကလေး သူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ (ကွန်ဗင်းရှင်း ၁၈၂) အပါအဝင် အခြေခံ ကျသည့် နိုင်ငံတကာအလုပ်သမားရေးရာ ကွန်ဗင်းရှင်းပေါင်း (၁၉) ခုကို အတည်ပြုလက်ခံကာ လိုက်နာကျင့်သုံးလျက်ရှိသည်။

သို့သော်လည်း ယနေ့အချိန်တွင်မူ ILO ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် အခြေခံအလုပ်သမားထု၏ ရပိုင်ခွင့်များထက် နိုင်ငံရေးအရ ဖိအားပေးလိုသည့် ရည်ရွယ်ချက်များ ဆီသို့ ဦးတည်နေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်လာရသည်။

သုံးပွင့်ဆိုင်ကိုယ်စားပြုမှု ပျက်ပြားခြင်းနှင့် ၆ နှစ်တာ လစ်ဟာမှု

ILO ၏ အဓိကထူးခြားချက်မှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ဟူသော “သုံးပွင့်ဆိုင် (Tripartite)” စနစ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်စဉ် ဇွန်လတွင် ကျင်းပမြဲ ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) သို့ ILO ၏ သတ်မှတ်ချက်များနှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့များဖြင့် အစဉ်တစိုက် တက်ရောက်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်ပရောက် (နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းကြေညာထားသည့်) NUG အဖွဲ့တို့မှ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အမည်စာရင်းများ အပြိုင်တင်သွင်းလာခြင်းကြောင့်ဟု အကြောင်းပြကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ခန့်အပ်လွှာစိစစ်ရေး ကော်မတီက ညီလာခံတက်ရောက်ခွင့်ကို ခွင့်မပြုခဲ့ပေ။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံသည် မိမိတို့၏ အလုပ်သမားရေးရာ အခွင့်အရေးနှင့် တင်ပြ ချက်များကို ဆွေးနွေးခွင့်မရဘဲ ညီလာခံသို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရ သည်မှာ ယခု ၂၀၂၆ ခုနှစ်အထိ (၆) နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။

မြေပြင်အခြေအနေနှင့် ဖီလာဆန့်ကျင်နေသော စွပ်စွဲချက်များ

ILO နှင့် ပြည်ပရောက်လူတစ်စုက မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများကို ဖြိုခွင်းနေ ကြောင်းနှင့် လွတ်လပ်စွာဖွဲ့စည်းခွင့်မရှိကြောင်း စွပ်စွဲကြသည်။ သို့သော် မြေပြင်ကိန်းဂဏန်း များက ထိုစွပ်စွဲချက်များကို အခိုင်အမာ ငြင်းဆိုနေသည်။

အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁) နှင့် အလုပ်သမားရေးရာအငြင်းပွားမှုဥပဒေ (၂၀၁၂) : မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းအမှတ် (၈၇) နှင့်အညီ အလုပ်သမားအဖွဲ့အစည်း ဥပဒေ (၂၀၁၁)ကို ပြဋ္ဌာန်းပေးခဲ့ပြီး လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုထားသည်။ အလုပ်သမား ရေးရာအငြင်းပွားမှုဥပဒေ (၂၀၁၂) အရလည်း အလုပ်သမားအနေဖြင့် စုပေါင်းတောင်းဆို ခွင့် ရှိပြီးဖြစ်ပါသည်။

မှတ်ပုံတင်ထားမှုအခြေအနေ: ၁၂-၆-၂၀၂၆ ရက်အထိ ပြည်တွင်း၌ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီးသည့် အလုပ်သမား/အလုပ်ရှင်အဖွဲ့အစည်း စုစုပေါင်း ၃,၁၃၆ ဖွဲ့ ထိ ရှိနေပြီ ဖြစ်သည်။

လွတ်လပ်ခွင့်: အလုပ်သမားအဖွဲ့အစည်းများအား ရန်ပုံငွေထားရှိခွင့်၊ စည်းမျဉ်းရေးဆွဲ ခွင့်နှင့် အလုပ်အမှုဆောင်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီး အစိုးရအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

ထို့ကြောင့် ၎င်းတို့ စွပ်စွဲနေသည့် အစိုးရထောက်ပံ့ပေးထားသော (Yellow Union) ဖွဲ့စည်း ခြင်း သို့မဟုတ် အလုပ်သမားအရေး ဆောင်ရွက်သူများကို အကြောင်းမဲ့ဖမ်းဆီးအကြမ်းဖက်နေ သည်ဆိုခြင်းမှာ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များသာ ဖြစ်သည်။

CTUM ၏ အပြောင်းအလဲနှင့် အစစ်အမှန် ကိုယ်စားပြုမှု ပြဿနာ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM) ကို ၂၀၁၅ ခုနှစ်တွင် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ပြည်သစ်ညွန့်ဝေ (ခ) မောင်မောင်အပါအဝင် အမှုဆောင် (၂၉) ဦးဖြင့် ဖွဲ့စည်းခဲ့ သည်။ သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ၎င်းခေါင်းဆောင်အချို့သည် နိုင်ငံတကာအထည်ချုပ် လုပ်ငန်းများ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားရန် တောင်းဆိုမှုများပြုလုပ်ခြင်း၊ နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန်နှင့် CDM/DCS ကဲ့သို့သော လှုပ်ရှားမှုများတွင် စက်ရုံ အလုပ်သမားများ ပါဝင်လာစေရန် လှုံ့ဆော်ခြင်းတို့ကြောင့် တည်ဆဲဥပဒေနှင့်အညီအရေးယူသည့်အချိန်တွင် အလုပ်သမား အရေးကို စွန့်လွှတ်ကာ ပြည်ပသို့ တရားမဝင်ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြသည်။

၎င်းတို့ ပြည်ပသို့ ရောက်ရှိသွားချိန်တွင် ပြည်တွင်း၌ ကျန်ရှိနေသည့် အလုပ်သမားထုမှာ ဦးဆောင်မည့် အမှုဆောင်အဖွဲ့ မရှိတော့ဘဲ အမှုဆောင်အဖွဲ့သက်တမ်းကုန်ဆုံးသွားခဲ့သည်။ ထို့အတွက်ကြောင့် ပြည်တွင်းရှိ အစစ်အမှန်အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ရန် အတွက် လက်ရှိ လုပ်ကိုင်နေသော အဖွဲ့ဝင်အလုပ်သမားများက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အလုပ်သမားအများဆန္ဒအရ ညီလာခံခေါ်ယူကာ ဥပဒေနှင့်အညီ CTUM အလုပ်အမှုဆောင် အဖွဲ့သစ်ကို ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ အလုပ်သမားများအကျိုးစီးပွားအတွက် အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိကြသည်ကို မှတ်တမ်းဓါတ်ပုံများက ပြဆိုနေပေသည်။ အဆိုပါ ပြည်ပရောက်လူတစ်စုက ထိုသို့ပြန်လည်ဖွဲ့စည်းခဲ့ရသည့် CTUM ကိုလည်း အတုအယောင် အဖွဲ့အစည်းကို ဖန်တီးသည်ဟု စွပ်စွဲပြောဆိုနေပြန်ပါသည်။ ထို့အပြင် အလုပ် အမှုဆောင် သက်တမ်းကုန်ဆုံးသွားသောကြောင့် အဖွဲ့အစည်းစည်းမျဉ်းနှင့်အညီ ပြန်လည်ဖွဲ့စည်း ထားသည့် CTUM ကို ILO ပြည်ပရောက်လူတစ်စု၏စကားကို နားယောင်ကာ အသိအမှတ် မပြုခြင်းသည်လည်း ILO ကဲ့သို့သော အစဉ်အလာကြီးမားသည့်သုံးပွင့်ဆိုင်အဖွဲ့အစည်းကြီး၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့်ပတ်သက်သည့် ရပ်တည်မှုအပေါ် စဉ်းစားစရာဖြစ်နေပါသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ILO နှင့် နိုင်ငံတကာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (International Trade Unions Confederation-ITUC) တို့က ပြည်တွင်းရှိ ပကတိအလုပ် သမားထု၏ ကိုယ်စားလှယ်များကို မျက်ကွယ်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထွက်ခွာစေရန်၊ နိုင်ငံကို အရေးယူမှုပြုရန် တစ်ချိန်လုံး အရေးဆိုနေသည့် အဆိုပါပြည်ပရောက် လူတစ်စုကိုသာ ITUC ၏ အလုပ်သမားကိုယ်စားလှယ်များအဖြစ် ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ တွင်ကျင်းပသည့် (၁၁၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် တက်ရောက်ခွင့် ပြုခဲ့ ခြင်းပင်ဖြစ်သည်။ ITUC အောက်မှ တက်ရောက်သည့် အလုပ်သမားကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားစစ်စစ်များကို ကိုယ်စားပြုထားခြင်းမရှိသကဲ့သို့ မြန်မာနိုင်ငံ အစိုးရကို ဆန့်ကျင်သူများလည်းဖြစ်ပါသည်။ လက်တွေ့တွင် အလုပ်သမားများ၏ အကျိုးစီးပွား များအတွက် ILO ကို နှစ်စဉ် ဆွစ်ဖရန့်ပေါင်းများစွာထည့်ဝင်ကြေးပေးသွင်းကာ ဆောင်ရွက်နေ သည့် အစိုးရသုံးပွင့်ဆိုင်ကိုယ်စားလှယ်များကို ညီလာခံတက်ရောက်ခွင့်မပေးဘဲ ရန်သူ၏ ရန်သူသည်မိတ်ဆွေဖြစ်သည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားစစ်စစ်များ ကို ကိုယ်စားပြုထားခြင်းမရှိသကဲ့သို့ အစိုးရကိုဆန့်ကျင်နေသည့် လူတစ်စုကိုသာ အလုပ် သမားကိုယ်စားလှယ်အဖြစ် ညီလာခံတက်ရောက်ခွင့်ပြုသည်ကို ကြည့်ခြင်းဖြင့် ILO ကဲ့သို့ သော သုံးပွင့်ဆိုင်အဖွဲ့အစည်းကြီးအပေါ် မည်မျှအထိ ယုံကြည်ရမည်နည်းဟူ၍ မေးခွန်းထုတ် ဖွယ်ဖြစ်နေပေသည်။  

အလုပ်သမားအရေးထက် နိုင်ငံရေးကို ရှေးရှုခြင်း၏ နောက်ဆက်တွဲ သားကောင်များ

ITUC ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့သည့် ပြည်ပရောက် မောင်မောင်၊ ဖြိုးစန္ဒာစိုး၊ ခိုင်ဇာအောင်နှင့် စိုးစန္ဒာကျော် တို့သည် ညီလာခံတွင် အလုပ်သမားများအတွက် တကယ့်လိုအပ်ချက်ဖြစ်သော လုပ်ခလစာတိုးမြှင့်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး စသည့် အလုပ်သမားရေးရာများကို လုံးဝဆွေးနွေး ခြင်း မရှိခဲ့ကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် နိုင်ငံရေးအရ တိုက်ခိုက်မှုများကိုသာ ဇောင်းပေး ပြောဆိုခဲ့ကြပြီး ILO က အရေးယူမည့်ပုဒ်မ (၃၃) ကို ကြိုဆိုကြောင်း၊ ပိုမိုထိရောက်စေရန် ILO ကို တောင်းဆိုကြောင်း ဆိုသည့် အချက်များကိုသာ ပြောကြားခဲ့ကြသည်။ စဉ်းစားစရာအချက်မှာ ထိုသို့ အရေးယူပြီး နိုင်ငံတကာအထည်ချုပ်လုပ်ငန်းများ ထွက်ခွာသွားပါက အမှန်တကယ် နစ်နာဆုံးရှုံးသွားမည့်သူမှာ အဆင့်မြင့်လူတန်းစားများမဟုတ်ပေ။ မိသားစုကို လုပ်ကျွေးပြုစုနေရ သည့် အမျိုးသမီးအများစုပါဝင်သော အခြေခံအထည်ချုပ်အလုပ်သမား ၆ သိန်းကျော်နှင့် ၎င်းတို့ အပေါ် မှီခိုနေရသည့် မိသားစုဝင်များသာ ဖြစ်သည်။

ILO သည် ပြည်တွင်းရှိ အလုပ်သမားအစစ်အမှန်များကို လျစ်လျုရှုပြီး ပြည်ပရောက် လူတစ်စု၏ နိုင်ငံရေးတိုက်ခိုက်သည့်သတင်းစကားများကိုသာ အရေးတယူပြုလျက် တစ်ဖက် သတ်ဆုံးဖြတ်ချက်များချမှတ်နေခြင်းမှာ အလုပ်သမားအရေးအကြောင်းပြကာ အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ရှိရှိ အသုံးချနေသည်မှာ ထင်ရှားလှသည်။ အပြန်အလှန်ပင် တစ်ဖက်အဖွဲ့အစည်းသည်လည်း ပြည်တွင်းရှိအလုပ်သမားများ အကျိုးစီးပွား အတွက်လုပ်ဆောင်ခဲ့သည့် လုပ်ရပ်တစ်ခုတစ်လေပင်မရှိ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာညီလာခံကြီးတွင်ပင် ပြည်တွင်းရှိအလုပ်သမားများအကျိုးစီးပွားအတွက် တစ်ခွန်းတစ်လေ မျှပင် ပြောကြားခြင်းအလျဉ်းမရှိဘဲ ဖိအားပေးရန် တောင်းဆိုနေခြင်းသည် ILO ကို နိုင်ငံရေးအရ အသုံးချနေခြင်းဟု ဆိုနိုင်ပေသည်။  ၎င်းတို့၏ တောင်းဆိုချက်များ၊ ILO ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေါ်လာမည့် နိုင်ငံတကာ ပိတ်ဆို့မှုများသည် နိုင်ငံရေးသမားများကို မထိခိုက်စေဘဲ အခြေခံလူတန်းစား ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား ဘဝ ကိုသာ တိုက်ရိုက် ရိုက်ခတ်ပျက်စီးစေမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများနှင့် အလုပ်သမားထုတစ်ရပ်လုံးအနေဖြင့် ပြည်ပရောက် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ဖြန့်ဝေနေသည့် သတင်းအမှားများကို သတိပြု ဆင်ခြင်ကာ မြေပြင်အခြေအနေမှန်ကို မိမိတို့ကိုယ်တိုင် ဝေဖန်ပိုင်းခြားပြီး မိသားစုနှင့် မိမိတို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

လုပ်သားမောင်